နိုင်ငံကူးလက်မှတ်ကို ပြင်ဆင်အတုပြုလုပ်ပါက ပယ်ဖျက်ခြင်းခံရမယ်လို့ မြန်မာသံရုံး ထုတ်ပြန်
- BVJ

- May 24
- 1 min read
BVJ/အိုင်းရစ် _ မေ ၂၄ ၊ ၂၀၂၅

မြန်မာနိုင်ငံကူးလက်မှတ်ကို အတုပြုလုပ်တာ၊ ခွင့်ပြုချက်မရှိဘဲ ပြင်ဆင်တာမျိုးတွေကို စစ်ဆေးတွေ့ရှိပါက ဥပဒေအရအရေးယူမှုတွေ လုပ်ဆောင်မှာဖြစ်ပြီး နိုင်ငံကူးလက်မှတ်ကိုလည်း ပယ်ဖျက်သွားမှာဖြစ်တယ်လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးက မနေ့ မေ ၂၃ ရက်မှာ ထုတ်ပြန်လာပါတယ်။
မြန်မာနိုင်ငံကူးလက်မှတ်တွေကို ကာယကံရှင်ကိုယ်တိုင်က ပြင်ဆင်ပြုလုပ်တာ၊ မသမာသူတွေက ဖျားယောင်းလို့ ပြင်ဆင်အတုပြုလုပ်တာမျိုးတွေကို သက်ဆိုင်ရာအာဏာပိုင်တွေက စစ်ဆေးတွေ့ရှိပါက နိုင်ငံကူးလက်မှတ် ပျက်ပြယ်မှာဖြစ်တဲ့အပြင် သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေအရ အရေးယူတာကိုလည်းခံရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံတွင်းမှာရှိတဲ့ သက်ဆိုင်ရာအာဏာပိုင်တွေကလည်း နိုင်ငံကူးလက်မှတ်တွေကို နည်းပညာမြှင့်ပစ္စည်းတွေကို စိစစ်ဖော်ထုတ်ဆောင်ရွက်နေတာတွေရှိနေပြီး မြန်မာသံရုံးက သက်ဆိုင်ရာဌာနတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေတာ၊ အချက်အလက်စိစစ်တာတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။
နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ပါ အချက်အလက်တွေကို ပြောင်းလဲတာ၊ ပြင်ဆင်တာ၊ ပျက်စီးအောင် ပြုလုပ်တာ၊ စာမျက်နှာတွေကို ဆုတ်ဖြဲတာ၊ ခွင့်ပြုချက်မရှိဘဲ တံဆိပ်ခေါင်းတွေကပ်တာ၊ အခြားအမှတ်အသားတွေ ဖြည့်စွက်တာ ပြုလုပ်ပါက ကာယကံရှင်နဲ့ ပြုပြင်ဆောင်ရွက်ပေးသူတို့ကိုပါ အရေးယူသွားမှာဖြစ်သလို နိုင်ငံကူးလက်မှတ်ကိုလည်း ပယ်ဖျက်သွားမှာဖြစ်တယ်လို့ ဘန်ကောက်သံရုံးက ထုတ်ပြန်ထားပါတယ်။
နိုင်ငံကူးလက်မှတ်ကို ကာယကံရှင်က သေချာထိန်းသိမ်းထားဖို့လိုအပ်ပြီး ပျောက်ဆုံးပါကလည်း ပြည်ထဲရေးဝန်ကြီးဌာနရဲ့ စိစစ်ခွင့်ပြုချက်နဲ့သာ နိုင်ငံကူးလက်မှတ်အသစ်ကို ထုတ်ပေးမှာဖြစ်ကြောင်းကိုလည်း ဘန်ကောက် မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။







Comments