မြိုင် စက်မှု(၂)ကိုထိုးလာတဲ့စစ်ကြောင်းက လူသားဒိုင်းအဖြစ် မိသားစုငါးဦးကို ဖမ်းဆီးသွား
- BVJ

- Nov 11
- 1 min read
မိုနာ/BVJ_နိုဝင်ဘာ ၁၁၊၂၀၂၅

မကွေးတိုင်း၊ မြိုင်နယ် စက်မှု(၂)ဘက်ကို ဒီနေ့မနက်မှာစစ်အုပ်စုကစစ်ကြောင်းထိုးပြီး ဒေသခံ(၅) ဦးကိုဖမ်းဆီးသွားတယ်လို့ အညာမြေတပ်ပေါင်းစုက သိရပါတယ်။
မြိုင်နယ်အနောက်တောင်ပိုင်းကိုရောက်နေတဲ့ ပျူစောထီးတွေပါပေါင်းစည်းထားတဲ့ ပခုက္ကူတပ်မ(၁၀၁)က အင်အား ၁၈၀ခန့်ပါစစ်ကြောင်းဟာ မြိုင်နယ်စက်မှု(၂)ကိုလာရာလမ်းမှာ မြိုင်နယ်အနောက်တောင်ပိုင်းက ပြည်သူငါးဦးနဲ့တောတိုက်ထဲက တဲနှစ်တဲကိုမီးရှို့ဖျက်ဆီးသွားတာဖြစ်ပါတယ်။
“အောက်တိုဘာထဲက စတင်ထွက်ခွာလာတဲ့စစ်ကြောင်းက ကြားထဲမှာတွင်းမတို့ ပျူစောထီးရွာတွေမှာရပ်နားပြီးတော့ ကြားထဲမှာလည်းအိမ်အလုံး ၂၀လောက်ဖျက်ဆီးခဲ့သေးတယ်။ အဲ့ဒီကနေ ဒီနေ့မှာသရက်ကန်စက်မှု(၂)ထဲကိုဝင်ပြီး ဒေသခံ၅ဦးကိုဖမ်းသွားတယ်။ ကျနော်တို့အခေါ်တော့ တောတိုက်ပေါ့(ယာထဲမှာတဲဆောက်ပြီးနေတဲ့သူ)။ အဲ့ဒီယာတောင်သူတွေရဲ့ နေအိမ်နှစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်။ ဖမ်းခံသွားရတာက မိသားစုဝင် လေးယောက်နဲ့နောက်ထပ်အမျိုးသားတစ်ဦးပေါ့။ အသက်အရွယ်တွေကိုတော့ ကျနော်တို့အနေနဲ့အတည်မပြုနိုင်ဘူးဖြစ်နေပါတယ်”လို့ အညာမြေတပ်ပေါင်းစုတာဝန်ရှိသူ ကိုဘိုဘိုသန့်ဇင်က Burma VJကိုပြောပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ အခုလ ၆ရက်နေ့မှာပဲ နှမနှင်းဆီကန်ရွာက ပြည်သူနှစ်ဦးကိုဖမ်းဆီးပြီး နေအိမ်အလုံး ၂၀ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း သိရပါတယ်။
လက်ရှိမှာစစ်ကြောင်းထိုးနေတာကြောင့် ချောင်းနားတိုက်၊ ဆယ်ပြား၊ ရွာတန်းရှည်၊ ကုန်းရွာစတဲ့ကျေးရွာ (၇)ရွာက ဒေသခံတွေစစ်ဘေးတိမ်းရှောင်နေရပါတယ်။
လက်ရှိမှာတော့ဒေသခံကာကွယ်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားတာမရှိသေးဘူးလို့လည်း သိရပါတယ်။
ကိုဘိုဘိုသန့်ဇင်က”ကျနော်တို့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့လည်း ဒီစစ်ကြောင်းကိုတတ်နိုင်သမျှကာကွယ်ဖို့ပြင်ဆင်နေကြပါတယ်။ ဒေသခံပြည်သူတွေအနေနဲ့လည်း ဒီစစ်ကြောင်းနဲ့ဘေးလွတ်ရာကိုတတ်နိုင်သမျှတိမ်းရှောင်ပေးကြဖို့ပါ။ လေကြောင်းရန်ရော မြေပြင်ရန်ရောပေါ့နော်။ ဖမ်းမိသွားရင်သူတို့ရဲ့လက်ထဲမှာဘာမဆိုဖြစ်သွားနိုင်တယ်ပေါ့နော် လူကောင်းအတိုင်းပြန်လာရတယ်ဆိုတာကတော်တော်ကိုရှားတဲ့အတွက် ဘေးလွတ်ရာကိုဂရုတစိုက်နဲ့နေထိုင်ပေးကြပါလို့ ပြောလိုပါတယ်”
အခုစစ်ကြောင်းဟာ ၂၀၂၄ခုနှစ် ဒီဇင်ဘာမှာမြိုင် စက်မှု(၂)ကိုရောက်လာကာ ဒေသကာကွယ်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်ပြီး အထိနာဆုတ်ခွာသွားပြီးနောက် အခုဆောင်းဦးပေါက်မှာ စစ်ကြောင်းပြန်ထိုးလာတာဖြစ်တယ်လို့လည်း သိရပါတယ်။







Comments