ရွာကိုစစ်ကြောင်းဝင်လို့တိမ်းရှောင်ရင်း စစ်ဘေးရှောင်သက်ကြီးသုံးဦး သေဆုံး
- BVJ

- Nov 18
- 1 min read
မိုနာ/BVJ _ နိုဝင်ဘာ ၁၈၊ ၂၀၂၅

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်း၊ အနောက်တောင်ပိုင်းနဲ့ အနောက်ပိုင်းကျေးရွာတွေကို စစ်အုပ်စုစစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ထွက်ပြေးတိမ်းရှောင်ရင်းစစ်ဘေးရှောင် သက်ကြီး သုံးဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၅ရက်နေ့မှာ အသက် ၉၁နှစ် အဖိုးတစ်ဦး၊ ၁၆ရက်နေ့မှာ အသက် ၉၀ အဖွားတစ်ဦးနဲ့ ၁၇ရက်နေ့မှာ ၆၁နှစ် အဖွားတစ်ဦးတို့သေဆုံးသွားတာဖြစ်ပြီး သူတို့တွေဟာ မြိုင်မြို့နယ်အနောက်ပိုင်းရွာကဒေသခံတွေဖြစ်ပါတယ်။
“စစ်ကြောင်းလာလို့ထွက်ပြေးကြရင်း သက်ကြီးသုံးဦး အအေးမိပြီးဆုံးသွားတာပါ။ ဆောင်းလည်းဝင်လာပြီဆိုတော့ လူကြီးတွေဆိုတော့မခံနိုင်တာမျိုးဖြစ်တော့ ဆက်တိုက်ဆိုသလိုသုံးယောက်ဆုံးသွားတာပါ”လို့ မြိုင်ဒေသခံတစ်ဦးက Burma VJကိုပြောပါတယ်။
သက်ကြီးအဖိုး၊အဖွားသုံးဦးစစ်ရှောင်ရင်း အအေးမိသေဆုံးသွားတာကို ဒေသတွင်းအခြေအနေတွေကို ဖော်ပြနေတဲ့ We Love Myaingအဖွဲ့ကလည်း မနေ့ကနိုဝင်ဘာ ၁၇ရက်မှာဖော်ပြထားပါတယ်။
“အညာဒေသ အနယ်နယ်အရပ်ရပ်မှ မိဘပြည်သူများအားလုံး မိမိတို့ဒေသကို စစ်ကြောင်းလာလို့ ရှောင်ကြတိမ်းကြရရင် အညာဆောင်းရဲ့ရာသီဥတုကို အံတုနိုင်မယ့် အနွေးထည်များ၊အနွေးစောင်များကို မမေ့မလျော့ယူဆောင်ကြဖို့အသိပေးလိုပါတယ်”လို့လည်း We Love Myaingအဖွဲ့ကပြောထားပါတယ်။
စစ်အုပ်စုရဲ့ပခုက္ကူတပ်မ ၁၀၁ကနေထွက်လာပြီး ပခုက္ကူမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ အခုလ ၁၃ရက်မှာ မြိုင်နယ်တောင်ပိုင်းကိုဝင်ရောက်ခဲ့ပြီး ၁၁ရက်နေ့မှာ မြိုင်မြို့အနောက်တောင်ဘက် စက်မှု (၂)ကိုရောက်ရှိခဲ့ကာ ကျေးရွာအတွင်းကနေအိမ်တွေကိုမီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်သူငါးဦးကို ဓါးစာခံအဖြစ်ဖမ်းဆီးသွားပြီး နောက်ရက် နိုဝင်ဘာ ၁၂ရက်နေ့မှာ အသက် (၄၀)အမျိုးသမီးတစ်ဦးနဲ့ အသက်(၅၂)အမျိုးသားတစ်ဦးတို့ကို ညှင်းပန်းသတ်ဖြတ်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုကလည်း ထုတ်ပြန်ထားပါတယ်။
အဲ့ဒီစစ်ကြောင်းမှာ အင်အား နှစ်ရာခန့်ပါဝင်ပြီး စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ရွာထက်မနည်း စစ်ဘေးရှောင်နေရတယ်လို့သိရပါတယ်။
မြိုင် စက်မှု(၂)ကထွက်လာတဲ့စစ်ကြောင်းနဲ့ ပေါက် ရွှေဘုံသာကထွက်လာတဲ့စစ်ကြောင်းတို့ဟာ ပေါင်းပြီးစစ်ကြောင်းထိုးမယ်လို့ ယူဆရတာကြောင့် မြိုင်နဲ့ပေါက်အစပ်က တဲကြီး၊တောင်ရိုး၊ ကမ္ဘားဖြူ ၊ကံသစ်၊ထန်းပေါက်ကုန်း၊ကျောက်တိုင်ခင်၊ဖလံကိုင်း၊တောင်လုံး၊နယ်သတ်၊သရက်ကန်၊ရေခါးစတဲ့ကျေးရွာတွေနဲ့ ရေနံမှော်ဒေသက မိဘပြည်သူတွေအားလုံးသတိဝီရိယနဲ့နေထိုင်ကြဖို့ကိုလည်း We Love Myaingအဖွဲ့က ဒီနေ့မနက်မှာ သတိပေးထားပါတယ်။
ပုံစာ-ရွာကိုစစ်ကြောင်းဝင်လို့ရှောင်တိမ်းရင်းနဲ့ သေဆုံးသွားတဲ့သက်ကြီးနှစ်ဦး။







Comments