မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ကို နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့

နီသွင်/BVJ- နိုဝင်ဘာ ၁၀၊ ၂၀၂၆

အကျဉ်းကျခံနေရတဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်ရဲ့ ကျန်ရှိနေတဲ့အဂတိလိုက်စားမှုပြစ်ဒဏ်တွေကို အိမ်အကျယ်ချုပ် ဆက်လက်ကျခံဖို့အတွက်နေအိမ်ကိုပြောင်းရွှေ့ရာမှာ ကြုံတွေ့နေရတဲ့ တရားဥပဒေဆိုင်ရာအတားအဆီးအားလုံးကို မလေးရှားနိုင်ငံ တရားရုံးချုပ်က အင်္ဂါနေ့မှာရှင်းလင်းပေးလိုက်ပြီဖြစ်ကြောင်း သူရဲ့ရှေ့နေက ပြောပါတယ်။
နိုင်ငံတော်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ 1MDB ကနေ ဒေါ်လာဘီလီယံနဲ့ချီ ခိုးထုတ်ခဲ့မှုနဲ့ပတ်သက်ပြီး ကွာလာလမ်ပူ တရားရုံးချုပ်က အပြစ်ရှိကြောင်းအတည်ပြုခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လကတည်းက နာဂျစ်ဟာ ထောင်ဒဏ်ကျခံနေခဲ့ရတာပါ။ ပြီးခဲ့တဲ့ စက်တင်ဘာလမှာတော့ နာဂျစ်ဟာ တရားရုံးကချမှတ်ထားတဲ့ ဒဏ်ကြေးကိုပေးဆောင်ပြီးတာနဲ့ ကျန်ရှိနေတဲ့ပြစ်ဒဏ်တွေကို အိမ်အကျယ်ချုပ်နဲ့ဆက်လက်ကျခံခွင့်ပြုဖို့ ဘုရင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကိုရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့ကတော့ သူ့ရဲ့နိုင်ငံရေးပါတီကနေ ရင်ဂစ် သန်း ၅၀ (အမေရိကန်ဒေါ်လာ ၁၂.၃ သန်း) ရှိတဲ့ ဒဏ်ကြေးပေးဆောင်ခဲ့ပြီးနောက် သူဟာထောင်ကနေပြန်လွတ်လာခဲ့ပါတယ်။ ဒါပေမဲ့ ရှေ့နေချုပ်က ဥပဒေပိုင်းဆိုင်ရာ ရှင်းလင်းချက်တွေတောင်းခံပြီး အိမ်အကျယ်ချုပ် ပြောင်းရွှေ့မှုကိုပိတ်ပင်ခဲ့တဲ့အတွက် နာရီပိုင်းအကြာမှာပဲထောင်ကို ပြန်လည်ခေါ်ဆောင်သွားခံခဲ့ရပါတယ်။
ရှေ့နေချုပ်ရဲ့ အဲဒီလိုတောင်းဆိုမှုအပေါ် နန်းတော်ဘက်က လူသိရှင်ကြားပြစ်တင်ပြောဆိုခဲ့ပြီး အိမ်အကျယ်ချုပ်နဲ့ လွတ်မြောက်ခွင့်ပေးတဲ့ ဘုရင် ဆူလ်တန် အီဘရာဟင် အစ္စကန်ဒါရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အာဏာဟာ ရှင်းလင်းပြီးသားဖြစ်တဲ့အတွက် လေးစားလိုက်နာရမယ်လို့ ဆိုခဲ့ပါတယ်။ ဒီအမိန့်ကိုဆန့်ကျင်ဖို့ကြိုးပမ်းသမျှဟာ တော်ဝင်အမိန့်ကိုတမင်ဖီဆန်တာပဲဖြစ်တယ်လို့လည်း နန်းတော်က ထုတ်ပြန်ခဲ့ပါတယ်။
အင်္ဂါနေ့မှာတော့ ဝန်ကြီးချုပ်ဟောင်းကို ကွာလာလမ်ပူမြို့မှာရှိတဲ့ သူ့ရဲ့နေအိမ်ကိုအိမ်အကျယ်ချုပ်နဲ့ ပြောင်းရွှေ့ဖို့အတွက် အရာရာအဆင်ပြေသွားပြီဖြစ်ကြောင်းနဲ့ ၂၀၂၈ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့အထိ အဲဒီမှာ ဆက်လက်နေထိုင်ရမှာဖြစ်ကြောင်း နာဂျစ်ရဲ့ရှေ့နေ မူဟာမက် ရှာဖီအဘ်ဒူလာ (Muhammad Shafee Abdullah)က ပြောကြားခဲ့ပါတယ်။
နာဂျစ်ဟာ အင်္ဂါနေ့မှာ တရားရုံးကိုရောက်ရှိလာခဲ့ပြီး အဲဒီနေ့နှောင်းပိုင်းမှာပဲ အိမ်အကျယ်ချုပ်နေရာကိုပြောင်းရွှေ့ဖို့ ရှိနေပါတယ်။ အဲဒီနောက်မှာတော့ ရဲတပ်ဖွဲ့က သူ့ရဲ့နေအိမ်ကိုသွားတဲ့လမ်းတွေကို ပိတ်ဆို့ လုံခြုံရေးယူခဲ့ပါတယ်။
"ဒါကတော့ နောက်ဆုံးရရှိတဲ့သက်သာခွင့်တစ်ခုပါပဲ၊ သူက ဒါကိုတချိန်လုံးစောင့်မျှော်နေခဲ့တာဆိုတော့ အကြီးအကျယ်သက်ပြင်းချနိုင်သွားပါပြီ"လို့ ရှေ့နေကပြောပါတယ်။
အခုအိမ်အကျယ်ချုပ်ဆိုတာကတော့ ပထမဆုံး အဂတိလိုက်စားမှု အမှုတွဲအတွက်လျှော့ချပေးထားတဲ့ ခြောက်နှစ်ထောင်ဒဏ်အတွက်သာ အကျုံးဝင်တာဖြစ်ပြီး၊ 1MDB အရှုပ်တော်ပုံနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကမှ အဂတိလိုက်စားမှုနဲ့ ငွေကြေးခဝါချမှုတွေအတွက် သီးခြားချမှတ်ခံထားရတဲ့ ထောင်ဒဏ် ၁၅ နှစ်အတွက်တော့ မပါဝင်သေးပါဘူး။
နာဂျစ်ဟာ ပထမအမှုပြစ်ဒဏ်ကုန်ဆုံးသွားပြီးရင် ဆက်လက်ကျခံရမယ့် အဲဒီပြစ်ဒဏ်အတွက်ကိုလည်း အယူခံဝင်ထားဆဲဖြစ်ပါတယ်။ အကယ်၍ သူ့ရဲ့အယူခံသာရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ အိမ်အကျယ်ချုပ် ကုန်ဆုံးသွားတဲ့အခါ သူဟာထောင်ထဲကိုပြန်ဝင်ရနိုင်ခြေ ရှိနေပါတယ်။
၂၀၀၉ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့နာဂျစ်ကတော့ ပြစ်မှုတစ်စုံတစ်ရာကျူးလွန်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုထားပါတယ်။ သူဟာ 1MDB အရှုပ်တော်ပုံနဲ့ပတ်သက်ပြီး ထောင်ဒဏ်ကျခံရတဲ့ မလေးရှားနိုင်ငံရဲ့ ပထမဆုံးသော ခေါင်းဆောင်ဟောင်းဖြစ်လာခဲ့ပါတယ်။ ဒီအရှုပ်တော်ပုံဟာ ကမ္ဘာ့အကြီးမားဆုံး ငွေကြေးအရှုပ်တော်ပုံတွေထဲကတစ်ခုဖြစ်ပြီး ကမ္ဘာ့ဈေးကွက်တွေအထိရိုက်ခတ်သွားခဲ့ကာ အမေရိကန်နဲ့အခြားနိုင်ငံတွေမှာပါ စုံစမ်းစစ်ဆေးမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။
ခရက်ဒစ် - The Independent




Comments