အမ်စတာဒမ်က မိုက်ခရိုဆော့ဖ် (Microsoft) ဒေတာစင်တာ ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲ ဆန္ဒပြသူတွေ အတင်းဝင်ရောက်ခဲ့ကြ

သူရ/BVJ_ နိုဝင်ဘာ ၇၊ ၂၀၂၆

အမ်စတာဒမ်က မိုက်ခရိုဆော့ဖ် (Microsoft) ဒေတာစင်တာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲကို ဆန္ဒပြသူတွေအတင်းဝင်ရောက်ခဲ့ကြပါတယ်။ "Geef Tegengas" (ပြန်လည် တွန်းလှန်ခြင်း) ဆိုတဲ့ ဆန္ဒပြအဖွဲ့က နေသန် တင်းမား (Nathan Timmer) က ဆောက်လုပ်ရေးလုပ်ငန်းတွေကိုတားဆီးဖို့အတွက် ဆန္ဒပြသူတွေဟာစက်ရုံဝင်းကို နေရာယူပိတ်ဆို့ထားကြတာလို့ ဒေသတွင်း သတင်းဌာန AT5 ကို ပြောခဲ့ပါတယ်။
"ဒီဆောက်လုပ်ရေးကြီးကို မဖြစ်စေချင်ပါဘူး။ ဘယ်သူမှလည်း ဒါကို မလိုအပ်ပါဘူး" လို့ တင်းမား က ပြောပါတယ်။ "ဒါကို အသုံးချသွားမှာက အဓိပ္ပာယ်မရှိတဲ့ AI တွေ၊ AI စစ်ပွဲတွေ၊ ဒေတာ စောင့်ကြည့်ထောက်လှမ်းတာတွေနဲ့ မျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ဖို့ပဲ ရှိပါတယ်။ ဒါတွေကို ကျနော်တို့ လက်မခံပါဘူး" လို့ သူက ဆိုပါတယ်။
ဒတ်ချ် မြို့တော်မှာပြုလုပ်တဲ့ဒီဆန္ဒပြပွဲမှာ ပါလက်စတိုင်းလိုလားသူ တက်ကြွလှုပ်ရှားသူတွေလည်း ပါဝင်ခဲ့ကြပါတယ်။ ညနေပိုင်းလောက်မှာတော့ ရဲတပ်ဖွဲ့က တက်ကြွလှုပ်ရှားသူတွေကို ဆောက်လုပ်ရေး ဝင်းထဲကနေ ဖယ်ရှားခဲ့ပေမဲ့ အချို့ကတော့ ဆက်လက် ကျန်ရှိနေသေးတယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။
ဒတ်ချ် ရဲတပ်ဖွဲ့ရဲ့ အဆိုအရ ဆန္ဒပြစဉ်အတွင်း ပိုင်နက်ကျူးလွန်မှုနဲ့ သံသယရှိသူ လူပေါင်း ၁၅၀ ကနေ ၂၀၀ အထိ ထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။
မိုက်ခရိုဆော့ဖ် ဘက်ကလည်း အမ်စတာဒမ်မှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး သိရှိထားကြောင်း ပြောဆိုခဲ့ပါတယ်။
"အများပြည်သူတွေအနေနဲ့ ဒီစီမံကိန်းအပေါ် ခံစားချက်ပြင်းထန်ကြတာကို ကျနော်တို့ နားလည်ပါတယ်။ သူတို့ရဲ့ အမြင်တွေကို ငြိမ်းချမ်းစွာ ထုတ်ဖော်ခွင့်ရှိတာကိုလည်း လေးစားပါတယ်" လို့ ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ "ဒါပေမဲ့ တရားဥပဒေနဲ့ မညီတာတွေ၊ ဒါမှမဟုတ် လူတွေရဲ့ လုံခြုံရေးကို အန္တရာယ်ဖြစ်စေမယ့် ဘယ်လို လုပ်ရပ်မျိုးကိုမဆို ကျနော်တို့ လက်မခံပါဘူး" လို့ ဆိုပါတယ်။
ဒေတာစင်တာတွေဟာ ကွန်ပျူတာ စွမ်းအားနဲ့ ရေ အများအပြားကို အသုံးပြုနေရတာကြောင့် ကမ္ဘာတစ်ဝန်းမှာ ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ Cloud စနစ်နဲ့ AI တွေအတွက် ရည်ရွယ်တဲ့ ဒီလို စက်ရုံကြီးတွေ ခေတ်စားလာမှုဟာ အများပြည်သူနဲ့ ညှိနှိုင်းတိုင်ပင်မှုတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စိစစ်မှုတွေထက် ပိုမို မြန်ဆန်နေတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။
အိုင်ယာလန်၊ ပိုလန်၊ ဒိန်းမတ်၊ ဖင်လန်၊ စပိန်၊ အီတလီ၊ နယ်သာလန်၊ ပြင်သစ်နဲ့ ဗြိတိန် အပါအဝင် ဥရောပ ၁၅ နိုင်ငံမှာ သောကြာနဲ့ စနေနေ့တွေမှာ ကျင်းပမယ့် "Stop Dirty Data Centres" (ညစ်ညမ်း ဒေတာစင်တာများ ရပ်တန့်ရေး) လှုပ်ရှားမှုတွေမှာ အရပ်ဘက် အဖွဲ့အစည်းပေါင်း များစွာနဲ့ ဒေသခံ အဖွဲ့တွေ ပါဝင်သွားမယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
ဂျာမနီနိုင်ငံမှာလည်း ဘာလင်မြို့ပြင်က ဒေတာစင်တာ တစ်ခုရှေ့မှာ သောကြာနေ့က ဆန္ဒပြသူ အတော်များများ စုဝေးခဲ့ကြပါတယ်။
"ပတ်ဝန်းကျင် ထိခိုက်မှာတွေကို လစ်လျူရှုပြီး ဂျာမနီတစ်ဝန်းမှာ ဒေတာစင်တာတွေကို ရမ်းသမ်း ဆောက်လုပ်နေတာတွေကို ကျနော်တို့ ရပ်တန့်ချင်တာပါ။ ဒါဟာ ကျနော်တို့ရဲ့ အနာဂတ်အတွက် တကယ်ကို အန္တရာယ်များပါတယ်" လို့ ဆန္ဒပြပွဲ ပြောရေးဆိုခွင့်ရှိသူ ကာရို ဝေဘာ (Caro Weber) က ပြောပါတယ်။
ဒါ့အပြင် ပိုလန် ပါလီမန်ရှေ့မှာလည်း မဂ္ဂါစင်တာသစ်တွေ ဆောက်ဖို့ စီစဉ်နေတဲ့ ဝါဆော မြို့ပတ်ဝန်းကျင် ဒေသခံတွေကို ကိုယ်စားပြုပြီး လူ ၁၀၀ လောက် ဆန္ဒပြခဲ့ကြပါတယ်။
အီတလီနိုင်ငံမှာလည်း မြန်မြန်ဆန်ဆန် ကြီးထွားလာနေတဲ့ ဒေတာစင်တာ လုပ်ငန်းတွေဟာ ဒေသခံတွေရဲ့ ပြင်းထန်တဲ့ ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်နေရပြီး၊ အထူးသဖြင့် ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံတွေရဲ့ အဓိက ဗဟိုချက်ဖြစ်တဲ့ မြောက်ပိုင်း လုမ်ဘာဒီ (Lombardy) ဒေသမှာ ပိုမို ကန့်ကွက်ခံနေရပါတယ်။
ခရက်ဒစ်- AL Jazeera




Comments