အမေရိကန်ဒုံးကျည်ထိမှန်ပြီး အိန္ဒိယသင်္ဘောသား ၃ ဦးသေဆုံး၊ အီရန်က ဟော်မုဇ်ရေလက်ကြားကိုပြန်ပိတ်
- BVJ

- 2 days ago
- 1 min read
အီးကေ/BVJ_ ဇွန် ၁၁၊ ၂၀၂၆

အိုမန်ပယ်လယ်ကွေ့အနီးက ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်ဒုံးကျည်တစ်စင်းထိမှန်ပြီး အိန္ဒိယသင်္ဘောသား(၃)ဦးသေဆုံးခဲ့ကြောင်း အိန္ဒိယအစိုးရကအတည်ပြုပါတယ်။
ရေနံတင်သင်္ဘော အိုမန်ပင်လယ်ကွေ့ကိုဖြတ်နေတဲ့အချိန်မှာ တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။ M/T Settebelloသင်္ဘောက သင်္ဘောသားတွေက သူတို့တပ်ဖွဲ့တွေကညွှန်ကြားတဲ့ညွှန်ကြားချက်တွေကိုလိုက်နာဖို့ ပျက်ကွက်ခဲတာကြောင့် အခုလိုတိုက်ခိုက်ရတာဖြစ်ကြောင်း အမေရိကန်ဘက်ကထုတ်ပြန်ပါတယ်။
တဆက်တည်းမှာပဲ အမေရိကန်နဲ့အီရန်နိုင်ငံတို့ဟာ ဒုတိယမြောက်နေ့အဖြစ် အပြန်အလှန်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ အီရန်နိုင်ငံတောင်ပိုင်းက စစ်ဘက်ဆိုင်ရာနေရာတွေ၊ စောင့်ကြည့်ရေးစခန်းတွေနဲ့ရေဒါစခန်းတွေကို အမေရိကန်ကတိုက်ခိုက်ခဲ့ပါတယ်။

အီရန်ဘက်ကလည်း ဘာရိန်းနဲ့ကူဝိတ်နိုင်ငံတွေက အမေရိကန်စစ်စခန်းတွေ အပါအဝင် ဒေသတွင်းရှိအမေရိကန်စစ်ရေးဆိုင်ရာနေရာတွေကို ပစ်မှတ်ထား တုံ့ပြန်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။
အမေရိကန်ရဲ့တိုက်ခိုက်မှုတွေကြောင့် နှစ်နိုင်ငံအကြားသဘောတူညီထားတဲ့ အပစ်အခဲရပ်စဲရေးဟာ "လက်တွေ့မှာအဓိပ္ပာယ်မဲ့သွားပြီ" လို့အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ပါတယ်။
ဟော်မုဇ်ရေလက်ကြား (Strait of Hormuz)ကို ဒီနေ့ကြာသပတေးနေ့ကစပြီးပိတ်ပင်လိုက်ပြီဖြစ်ကြောင်း အီရန်ပူးတွဲစစ်ဦးစီးဌာနချုပ်ကထုတ်ပြန်ပါတယ်။ အခုပိတ်ပင်မှုဟာ ရေနံတင်သင်္ဘောတွေနဲ့ကုန်တင်သင်္ဘောအားလုံး အကျုံးဝင်ကြောင်း၊ ဖြတ်သန်းဖို့ကြိုးစားတဲ့ ဘယ်သင်္ဘောကိုမဆိုပစ်ခတ်မှာဖြစ်ကြောင်း အီရန်စစ်တပ်ဘက်က သတိပေးချက်ထုတ်ပြန်ထားပါတယ်။




Comments