ရေဖြူမှာ တိုက်ပွဲတပါတ်ကြာဖြစ်ပြီး စစ်အုပ်စုဘက်က သေဆုံးသူများပြား
- BVJ

- Aug 29
- 1 min read
BVJ/ဇော်_ဩဂုတ် ၂၈၊ ၂၀၂၅

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ အခုလအတွင်း တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေပြီး တပတ်ကြာတိုက်ပွဲ အတွင်း စစ်ကောင်စီတပ်သား (၃၆) ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ဒီနေ့ဩဂုတ်လ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဩဂုတ်လ ၁၉ ရက်ကစတင်တဲ့ တပါတ်ကြာတိုက်ခိုက်မှုတွေအတွင်းမှာ စစ်ကောင်စီဘက်ကသေဆုံးမှု များပြီး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဘက်က တပ်သားအချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“ရေဖြူဒေသ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၃၆ယောက်ထက်မနည်းသေဆုံးခဲ့တာကို ကျမတို့အနေနဲ့ သတင်းအရင်းအမြစ်ကနေအတည်ပြုခဲ့ပါတယ်။ ကျမတို့ မဟာမိတ်ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့က ကျဆုံးတဲ့ရဲဘော်တော့မရှိပါဘူး။ ဒါပေမယ့် ထိခိုက်ဒဏ်ရာရရှိတာ အနည်းအကျဉ်းတော့ရှိပါတယ်”လို့ MSRF ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က Burma VJ ကိုပြောပါတယ်။
ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေအနေနဲ့ ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာနဲ့ မရမ်းချောင်းကျေးရွာ အကြား ခြေလျင်တပ်ရင်း - ၂၈၂ ကနေ လက်နက်ကြီး ပစ်ကူပေးပြီး အင်အား၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ဩဂုတ်လ (၁၉) ရက်နေ့ ညနေ ခြောက်နာရီခန့်မှာ နှစ်နာရီခန့်ကြာ တိုက်ပွဲတစ်ကြိမ်၊ အင်အား ၈၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ဩဂုတ်လ (၂၀) ရက်နေ့ ညနေ ၃း၄၂မိနစ်ခန့်မှာ တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီစစ်ကြောင်းက ပြန်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဩဂုတ်လ (၂၂) ရက်နေ့ ညနေ လေးနာရီမှာ စစ်ကြောင်းထပ်ထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ မရမ်းချောင်းကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဩဂုတ်လ (၂၃) ရက်နေ့ နေ့လယ် ၁၂ နာရီခွဲခန့်မှာ မရမ်းချောင်းကျေးရွာ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက မိနစ် (၃၀) ကြာ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုလည်း ဖြစ်ခဲ့ပါတယ်။
ဩဂုတ်လ (၂၄) ရက်နေ့မှာတော့ မရမ်းချောင်းကျေးရွာကနေ မိုင် (၆၀) ကျေးရွာကို စစ်ကြောင်းထပ်ထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ မနက် ၁၀နာရီ၊ မနက် ၁၁နာရီ၊ ညနေ လေးနာရီခွဲနဲ့ ညနေ ငါးနာရီခွဲတို့မှာ တိုက်ပွဲ (၄)ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ်လ (၂၅) ရက်နေ့ မနက် ကိုးနာရီဝန်းကျင်မှာတော့ ရေဖြူမြို့နယ် အမှတ် (၈) ပြည်ထောင်စု လမ်းမဘေး သာယာမွန်ကျေးရွာကို စစ်ကြောင်းထိုးတပ်လာတဲ့ စစ်ကောင်စီစစ်ကြောင်း နဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ကို ညီနောင်တပ်ဖွဲ့ဒရုန်းအဖွဲ့က ဒရုန်းနဲ့ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။
ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုတွေ လေကြောင်းတိုက်ခိုက်ခဲ့ တာတွေ အဆက်မပြတ်လုပ်ဆောင်ခဲ့ပြီး နေအိမ်တွေကိုပါဖောက်ထွင်းခိုးယူခဲ့တာတွေရှိခဲ့တယ်လို့ MSRFပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က ပြောပါတယ်။
အခု ဩဂုတ်လအတွင်းမှာ ရေဖြူဒေသအတွင်း တိုက်ပွဲဖြစ်ပွားမှုကိုးကြိမ်အထိရှိခဲ့ပြီဖြစ်ပြီး လက်ရှိမှာလည်း စစ်ရေးအခြေအနေတင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ဖြစ်ပွားခဲ့တဲ့ထိတွေ့တိုက်ပွဲတွေကိုတော့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် နည်းဗူဟာ (၃၃) ဒေါနစစ်ကြောင်း -၂ (YGF)၊ ဒေါနစစ်ကြောင်း -၃ (KBDF)၊ ရေးဘီလူးတပ်ရင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ရင်း (၁)၊ ရေးသိန်းငှက်၊ ရာမညမွန်တပ်တော် (RMA)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်မဟာ (၆) တပ်ရင်း (၂၇)၊ ကြယ်လင်းရောင်(ဆာကပေါ) တပ်ရင်း (KTLA) တို့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။







Comments