စစ်ကောင်စီကင်းပုန်းနေရာ ပြောက်ကျားတိုက်ခံရပြီး ဆယ်မိနစ်အတွင်း ရဲနဲ့တပ်သား ၅ ဦးသေဆုံး
- BVJ

- Jul 23
- 1 min read
BVJ /ဇော် - ဇူလိုင် ၂၃၊ ၂၀၂၅

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ထင်းရှုးရဲစခန်းနားက စစ်ကောင်စီတပ်ရဲ့ကင်းပုန်းနေရာကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီလက်အောက်ခံတပ်သား (၅) ဦးသေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ဒီနေ့ ဇူလိုင်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မနေ့က ဇူလိုင် ၂၂ ရက်နေ့ မနက် ၁၁ နာရီ ၂၀ မိနစ်မှာ ထင်းရှုးရဲစခန်းနဲ့ ကိုက် (၂၀၀) အကွာက အင်အား (၃၀) ရှိတဲ့ စစ်ကောင်စီကင်းပုန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိတွေ့တိုက်ပွဲ ၁၀ မိနစ်အတွင်း စစ်ကောင်စီဘက်က (၅) ဦး သေဆုံးခဲ့တာလို့ သိရပါတယ်။
“ဒီစစ်ဆင်ရေးအတွင်းမှာ စစ်ကောင်စီဘက်က (၅) ဦးသေဆုံးခဲ့ပါတယ်။ သေဆုံးတဲ့ထဲမှာ ရဲ (၂) ဦးပါဝင်ပြီး စစ်ကောင်စီတပ်သား (၃) ဦးသေဆုံးခဲ့တာကို ကျမတို့အနေနဲ့ မျက်မြင်အတည်ပြုနိုင်ခဲ့ပါတယ်။ ဒီစစ်ဆင်ရေးက ပြောက်ကျားစစ်ဆင်ရေးပဲဖြစ်တဲ့အတွက် ကျမတို့ဘက်က လက်နက်သိမ်းဆည်း ရရှိခဲ့တာမရှိပါဘူး”လို့ MSRF ပြောရင်းဆိုခွင့်ရှိသူ မိတလဉာဏ်က Burma VJ ကို ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီး ၁၅ မိနစ်အကြာမှာ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာလာတဲ့ လမ်းကြောင်းကို စစ်ကောင်စီဘက်က အင်အား (၁၀၀) ပါတဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် စစ်ကောင်စီဘက်က အင်အားဖြည့်တင်းတာမျိုးပြုလုပ်နေတာရှိတယ်လို့လည်း မိတလဉာဏ်က ပြောပါတယ်။
အခုတိုက်ခိုက်မှုကို မွန်ပြည်ဖယ်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာနအောက်က တပ်တွေဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ KNLA တပ်ရင်း (၂၇) တပ်ခွဲ (၁) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေအနေနဲ့ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာလာခဲ့တယ်လို့ သိရပါတယ်။







Comments