မွန်ပြည်တော်လှန်ရေးတပ်နဲ့ ဗျူဟာ ၃၃တို့ ညီနောင်တပ်ဖွဲ့အဖြစ်ဖွဲ့စည်း
- BVJ

- Aug 27
- 1 min read
BVJ/ ဂျိုး_ ဩဂုတ် ၂၇၊ ၂၀၂၅

မွန်ပြည်နယ်အတွင်း စစ်ကောင်စီကိုတိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်တွေဖြစ်တဲ့ မွန်ပြည်တော်လှန် ရေးတပ်-MSRFနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၁)စစ်ဆင်ရေးနယ်မြေ နည်းဗျူဟာ ၃၃တို့ဟာ ဒီနေ့ကစပြီး ညီနောင်တပ်ဖွဲ့အဖြစ်ပေါင်းစည်းလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။
တပ်နှစ်ခုပူးပေါင်းဖွဲ့စည်းလိုက်တာနဲ့ပတ်သက်ပြီး မွန်ပြည်တော်လှန်ရေးတပ်ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က Burma VJကို အခုလိုပြောပါတယ်။
“ကျမတို့မွန်ပြည်တော်လှန်ရေးတပ်နဲ့ နည်းဗျူဟာ၃၃တပ်ဖွဲ့ဟာ နွေဦးတော်လှန်ရေးတောက်လျောက်မှာ တိုက်ပွဲတွေလည်း အတူတူတောက်လျောက်ဝင်ခဲ့ကြပြီးတော့ တိုက်ပွဲထဲမှာဆိုရင်လည်းအချင်းချင်း အသက်ပေးကာကွယ်ခဲ့ကြတဲ့ မဟာမိတ်တပ်ဖွဲ့တွေဖြစ်ခဲ့ကြတယ်။ မဟာမိတ်တပ်ဖွဲ့ကနေ တဆင့် ရဲဘော်ရဲဘက်ချင်းတသားတည်းကျတယ် ပြီးတော့ တထပ်တည်းကျတယ်။ ရင်းနှီးမှု သစ္စာရှိမှု သွေးစည်းညီညွတ်မှုအနစ်နာခံမှုနဲ့ ယုံကြည်မှုပေါ့နော် စတဲ့အနှစ်သာရကို အခြေခံပြီးတော့ကျမတို့ ညီနောင်တပ်ဖွဲ့ဆိုပြီးတော့ ဖွဲ့စည်းလိုက်တာြဖစ်ပါတယ်”
လက်ရှိပူးပေါင်းဖွဲ့စည်းလိုက်တဲ့ MSRFနဲ့ဗျူဟာ ၃၃တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် ဇူလိုင်ကတည်းက မဟာမိတ်တွေအဖြစ်ပူးပေါင်းပြီးတော့ ၂နှစ်ကျော်အတွင်း စစ်ရေးဖော်ဆောင်မှုအကြိမ် ၄၀နဲ့ စခန်းသိမ်းတိုက်ပွဲ ၆ ကြိမ်ထက်နည်းဖော်ဆောင်နိုင်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင်ရှေ့ဆက်ပြီးတော့လည်း ညီနောင်တပ်ဖွဲ့အနေနဲ့ စစ်ဆင်ရေးတွေအရှိန်မြင့်ပြီအာဏာရှင်တွေကို တိုက်ခိုက်သွားမှာြဖစ်တယ်လို့ လည်း မိတလဉာဏ်ကပြောပါတယ်။
“ကျမတို့ ညီနောင်တပ်ဖွဲ့အနေနဲ့ကတော့ ရှေ့ဆက်ပြီးတော့စစ်ဆင်ရေးတွေကို အရှိန်မြင့်ဖော်ဆောင် သွားမယ်။ ပြီးတော့ အတူတကွတိုက်ပွဲဝင်သွားကြမှာြဖစ်ပါတယ်။ကျမတို့က စစ်အာဏာရှင်နဲ့ မည်သည့်အာဏာရှင်စနစ်ကိုမဆို တိုက်ဖျက်ချေမှုန်းသွားမှာဖြစ်ပြီးတော့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်နိုင်ရေးအတွက် အတူတကွတိုက်ပွဲဝင်သွားကြမှာြဖစ်ပါတယ်” လို့ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ရက်နေ့မှာလည်း မွန်ပြည်နယ် ရေးမြို့နယ်မြောက်ပိုင်းကိုစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ MSRF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဘက်ကျဆုံးရဲဘော် တစ်ဦးစီရှိခဲ့တယ်လို့ MSRFက ထုတ်ပြန်ထားပါတယ်။







Comments