ထိုင်း-မြန်မာနယ်စပ်က နတ်အိမ်တောင်စခန်းကိုစစ်ကူလာတဲ့စစ်ကြောင်း တိုက်ခိုက်ခံရပြီး လေးဦး သေဆုံး
- BVJ

- Aug 7
- 1 min read
BVJ/ ဇော် - ဩဂုတ် ၆၊ ၂၀၂၅

စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီး (၄)ဦးသေဆုံးကာ တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်တွေကလက်နက်ခဲယမ်းအချို့ပါရရှိခဲ့တယ်လို့ မွန်ပြည်ဖဒရယ်ကောင်စီ (MSFC) က ဒီနေ့ ဩဂုတ်လ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဩဂုတ်လ (၄) ရက်နေ့ နေ့လယ် တစ်နာရီ ၁၅မိနစ်မှာ နတ်အိမ်ထောင်စခန်းကို စစ်ကူလာတဲ့အင်အား (၆၀)ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) အပါအဝင် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တို့ ၄၅ မိနစ်ကြာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီစစ်ကြောင်းက (၄) ဦးသေဆုံးကာ (၅) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သလို တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့ဘက်ကလည်း ရဲဘော် (၂) ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရရှိခဲ့ပါတယ်။
“ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က (၄) ယောက်သေပါတယ်။ (၄) ယောက်သေတဲ့ထဲမှာ (၃) လောင်းကိုတော့ ပြန်သယ်သွားတယ်။ အလောင်းတစ်လောင်းကတော့ ထိတွေ့တိုက်ပွဲဖြစ်တဲ့နေရာမှာ ကျန်ခဲ့ပါတယ်။ စစ်ကောင်စီဘက်က MA-4 ( ၁) လက်၊ ၆၀-မမ ဗုံးသီး (၄) လုံး၊ အီနာဂါဗုံးသီး (၂) လုံး၊ MA ကျည်ဘောက် (၇) ခုနဲ့ MA ကျည် (၁၀၀) ကျော်ကိုလည်း ကျမတို့ဘက်က ရရှိခဲ့ပါတယ်။ ကျမတို့အနေနဲ့ကတော့ နတ်အိမ်ထောင်စခန်းကိုသွားတဲ့စစ်ကြောင်းကို တိုက်ခိုက်တာပေါ့နော်။ စစ်ကြောင်းကလာတဲ့ လမ်းကြောင်းအတိုင်း ပြန်လည်ဆုတ်ခွာသွားတယ်” လို့ MSRF ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က Burma VJ ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာလည်း နတ်အိမ်ထောင်စခန်းကို အင်အားဖြည့်တင်းဖို့လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးမဟာမိတ်တပ်တို့ တိုက်ပွဲ (၄) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်မှူးအောင်ဘိုဟိန်းအပါအဝင် (၄) ဦးထက်မနည်းသေဆုံးခဲ့တဲ့အပြင် တပ်သား (၄) ဦးဖမ်းဆီးရမိခဲ့တာလည်း ရှိပါတယ်။
“သွားတဲ့စစ်ကြောင်းတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်တာကတော့ ဇူလိုင်လမှာလည်းဖြစ်ခဲ့တယ်။ ရန်သူဘက်ကတော့ စစ်ကူတွေအမြဲလွှတ်နေမှာလည်းဖြစ်တယ်။ ဒါပေမယ့် လက်ရှိအခြေအနေမှာကတော့ စစ်ကူထပ်လွှတ်တာ မတွေ့ရသေးပါဘူး။ ကျမတို့ မဟာမိတ်ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေ အနေနဲ့ကတော့ စကစက လွှတ်တဲ့စစ်ကြောင်းတွေကို နတ်အိမ်ထောင်စခန်းဆီ မရောက်ဖို့ အဆင်သင့်အနေအထားနဲ့ တိုက်ခိုက်ဖို့ ရှိနေပါတယ်။” လို့ မိတလဉာဏ်က ဆက်လက်ပြောခဲ့ပါတယ်။
အခုစစ်ဆင်ရေးကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၆) တပ်ရင်း (၂၇)၊ ရာမညမွန်တပ်တော် (RMA)၊ ဒေါနစစ်ကြောင်း - ၂ (YGF) ၊ ဒေါနစစ်ကြောင်း -၃ (KBDF) ၊ ဗျူဟာ (၃၃) ဒေါနစစ်ကြောင်းစစ်ဆင်ရေးအဖွဲ့နဲ့ ကြယ်လင်းရောင်(ဆာကပေါ) တပ်ရင်း (KTLA) တို့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။







Comments