မွန်ပြည်ကာကွယ်ရေးတပ်ရဲ့ပဋိပက္ခကိုဖြေရှင်းနိုင်ဖို့အတွက် ဥက္ကဋ္ဌနဲ့အတွင်းရေးမှုးတို့ကို တာဝန်က ယာယီရပ်ဆိုင်း
- BVJ

- Sep 23
- 1 min read
BVJ/ ဂျိုး_စက်တင်ဘာ ၂၃၊ ၂၀၂၅

တပ်တွင်းပြဿနာဖြစ်နေတဲ့ မွန်ပြည်ကာကွယ်ရေးတပ်-MSDFရဲ့ နိုင်ငံရေးစစ်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌဒေါက်တာသီရိမွန်ချမ်းနဲ့ အတွင်းရေးမှူးဖြစ်တဲ့နိုင်ကိုသူတို့ကို တာဝန်ကနေယာယီရပ်ဆိုင်းလိုက်တယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)က မနေ့က စက်တင်ဘာ ၂၂ရက်မှာကြေညာပါတယ်။
လက်ရှိတာဝန်ရပ်ဆိုင်းခံရသူ ဥက္ကဌနဲ့အတွင်းရေးမှူးတို့ဟာ အဖွဲ့အစည်းအတွင်း နှစ်ဖက်ပြဿနာဖြစ်ပွားနေကြတာကြောင့် အခုလိုတာဝန်တွေကိုယာယီရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ MSFCပြောခွင့်ရ မိသုတကျော်က Burma VJကို ပြောပါတယ်။
“ MSFCမှာ စုံစမ်းလေ့လာတွေ့ရှိချက်သည်လည်း နိုင်သီရိချမ်းမှ အချင်းချင်းပစ်မိန့်ပေးတာ ကြောင့်ရယ်၊ နိုင်ကိုသူကျတော့ ဥဣဌထုတ်ပယ်တာကိုအပြန်အလှန်ဆွေးနွေးမှုမပြုခင်အတွင်း စောလျင်စွာထုတ်ပြန်တာအပြင် MSDFအတွင်းအပြန်အလှန်ညှိုနှိုင်းဆောင်ရွက်မှုတွေ ပိုမိုလုပ် ဆောင်ရန်ရည်ရွယ်ပြီး လက်ရှိ MSFCတာဝန်ကနေရပ်စဲဖို့ ဆုံးဖြတ်ပေးရတာဖြစ်တယ်”လို့ မိသုတကျော်က ပြောပါတယ်။
လက်ရှိပြဿနာမှာပါဝင်နေတဲ့ ဒေါက်တာသီရိမွန်ချမ်းနဲ့ နိုင်ကိုသူတို့ကိုတော့ MSFCရဲ့ ကောင်စီဝင်အဖြစ်ကလည်းကောင်း၊ MSFC ကပေးအပ်ထားတဲ့တာဝန်တွေအားလုံးကနေယာယီ ရပ်ဆိုင်းထားပေမယ့် MSDFအနေနဲ့ကတော့ MSFCရဲ့ကောင်စီအဖွဲ့ဝင်အဖြစ် ဆက်လက်ရှိနေမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
အခုနှစ် ဇူလိုင်လမှာ MSDFဥက္ကဋ္ဌ ဒေါက်တာသီရိမွန်ချမ်းက အတွင်းရေးမှူးနိုင်ကိုသူ သိမ်းဆည်းထားတဲ့လက်နက်တွေကိုပြန်လည်ရယူဖို့ညွှန်ကြားခဲ့ပြီး အဲ့ဒီလိုညွှန်ကြားရာမှာ ခုခံရင်ပစ်ဖို့ဆိုတဲ့ ပစ်မိန့်ပေးခဲ့တာကြောင့် MSDF နိုင်ငံရေးစစ်ရေးဦးဆောင်ကော်မတီက ဥက္ကဌမပါတဲ့ အရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် ဒေါက်တာသီရိမွန်ချမ်းကိုပေးအပ်ထားတဲ့တာဝန်အားလုံးကို ခြွင်းချက်မရှိပြန်လည်ရုပ်သိမ်းဖို့ဆိုပြီး ထုတ်ပြန်ချက်ထုတ်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီနောက် နှစ်ဖက်အငြင်းပွားမှုကြီးထွားလာတာကြောင့် MSFCက ဝင်ရောက်စုံစမ်းဖြေရှင်းမှုပြုလုပ်ခဲ့တာဖြစ်ပြီး အခုလိုဆုံးဖြတ်ချက်ထွက်ပေါ်လာတာပါ။
MSFCရဲ့ ဆုံးဖြတ်ချက်ထဲမှာ အချက်နှစ်ချက်ပါဝင်ပြီး အဲ့ဒီထဲမှာထိပ်တိုက်ပဋိပက္ခမဖြစ်ပွားစေဘဲ ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ ညှိနှိုင်းအဖြေရှာသွားကြဖို့နဲ့ အချိန်သုံးလအတွင်းပြန်လည်ညှိနှိုင်းကြဖို့ ဆိုတဲ့တိုက်တွန်းချက်လည်း ပါဝင်ပါတယ်။







Comments