ပြည်သူ့ဆန္ဒအတိုင်းအုပ်ချုပ်ဖို့အပါအဝင် ရည်မှန်းချက် ၃ ရပ်အကောင်အထည်ဖော်ဖို့ တရုတ်တိုက်တွန်းလာ
- BVJ

- Aug 15
- 1 min read
မိုနာ/BVJ_ သြဂုတ် ၁၅၊ ၂၀၂၅

စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲကနေတဆင့် ရည်မှန်းချက် (၃) ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးမစ္စတာဝမ်ယိကပြောပါတယ်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ကျင်းပတဲ့ (၁၀) ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တက်ရောက်လာကြတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ မနေ့က သြဂုတ် ၁၄ရက်မှာ တွေ့ဆုံချိန်မှာပြောခဲ့တာဖြစ်တယ်လို့ တရုတ်သံရုံးက ဒီနေ့ထုတ်ပြန်ပါတယ်။
တရုတ်သံရုံးရဲ့ထုတ်ပြန်ချက်မှာတော့ ရွေးကောက်ပွဲကနေတဆင့် ရည်မှန်းချက် (၃) ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော်သင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီးမစ္စတာဝမ်ယိကပြောခဲ့တာဖြစ်ပြီး အဲ့ဒီထဲက ပထမတစ်ချက်မှာ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်ပြီး အပစ်အခတ်ရပ်စဲကာ ပြည်သူတွေရဲ့ ဆန္ဒအတိုင်း နိုင်ငံတော်ကိုအုပ်ချုပ်ရန်၊ ဒုတိယတစ်ချက်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်ပြီး အကျယ်ပြန့်ဆုံးသော စည်းလုံးညီညွတ်မှုကိုတည်ဆောက်ရန်၊ တတိယတစ်ချက်မှာ လူမှုရေးသဟဇာတဖြစ်မှုဖြစ်ပြီး ငလျင်ဘေးအလွန်ကာလ ပြန်လည်ထူထောင်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကိုဆောင်ရွက်ကာ ပြည်သူတွေရဲ့လူမှုဘဝအဆင့်အတန်းကို မြှင့်တင်ဖို့ဖြစ်တယ်လို့ ဖော်ပြပါတယ်။
ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ဖို့ တရုတ်အဖွဲ့ကိုဖိတ်ကြားလိုကြောင်းကိုလည်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေကပြောခဲ့တယ်လို့ တရုတ်သံရုံးကဖော်ပြပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံရေးဝန်ကြီး မစ္စတာဝမ်ယိက မြန်မာနိုင်ငံက တရုတ်နိုင်ငံသားတွေ၊ အဖွဲ့အစည်းတွေနဲ့ စီမံကိန်းတွေရဲ့လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးဖို့ကိုလည်း စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးကို မှာခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနဲ့တွေ့ဆုံမှုကို စစ်ကောင်စီဘက်ကဖော်ပြမှုမှာတော့ ဆွေးနွေးမှုတွေကိုအသေးစိတ်မဖော်ပြထားဘဲ ရွေးကောက်ပွဲနဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေကို တရုတ်ကထောက်ခံအားပေးတယ်လို့ပြောကြောင်းသာ ဖော်ပြပါတယ်။
အခုနှစ်ကုန်ပိုင်းမှာ စစ်ကောင်စီကရွေးကောက်ပွဲကျင်းပမယ်လို့ပြောထားပြီး အဲ့ဒီအတွက်လည်း ပြင်ဆင်မှုတွေ လုပ်နေပါတယ်။
စစ်ကောင်စီရွေးကောက်ပွဲဟာ နိုင်ငံရေးထွက်ပေါက်အဖြစ်လုပ်မယ့် အတုအယောင်ရွေးကောက်ပွဲဖြစ်တာကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ဆန့်ကျင်ကြဖို့၊ မပူးပေါင်းမပါဝင်ကြဖို့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားကြပါတယ်။







Comments