မြောက်ဦးနဲ့ကျောက်ဖြူက ဗုံးဒဏ်သင့်လူနာတွေ ဆေးကုသဖို့ခက်ခဲနေ
- BVJ

- Dec 18, 2025
- 1 min read
BVJ/ဂျိုး၊ ဒီဇင်ဘာ ၁၈၊ ၂၀၂၅

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်နဲ့ကျောက်ဖြူမြို့နယ်တွေကို စစ်အုပ်စုလေကြောင်း ဗုံးကြဲမှုအတွင်း ထိခိုက်ဒဏ်ရာရရှိထားတဲ့ အရပ်သားပြည်သူ ၉၀ ကျော်လောက်ဟာ လက်ရှိမှာဆေးဝါးကုသမှုခံယူဖို့ အခက်အခဲတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လူအစုံလိုက်အပြုံလိုက်သေဆုံးခဲ့ရတဲ့ မြောက်ဦးဆေးရုံဗုံးကြဲခံရမှုအတွင်း ထိခိုက်ဒဏ်ရာရရှိသွားသူ ၈၀ နီးပါးရှိသလို ဆေးရုံအတွင်းကဆေးဝါးနဲ့ဆေးကုသတဲ့နေရာမှာအသုံးပြုတဲ့ ပစ္စည်းတွေပျက်စီးသွားတာကြောင့် ဒဏ်ရာရလူနာတွေကို ဆေးကုသပေးဖို့ ခက်ခဲနေတယ်လို့ ရခိုင်စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကိုဝေဟင်အောင်ကပြောပါတယ်။
“ပြဿနာကကျနော်တို့မှာ ဆေးရုံထဲမှာရှိတဲ့ပစ္စည်းတွေတော်တော်များများ ပျက်စီးပါသွားတယ်။ ဆေးဝါးတွေတော်တော်များများပါသွားတဲ့အတွက် ဆေးဝါးကုသတဲ့အခါမှာတော့ လုံလောက်မှုနဲ့ သူတို့အတွက် အကာအကွယ်ဖြစ်မှုမှာတော့ အားနည်းချက်တွေရှိတယ်”
ဒါပေမယ့်လည်း လက်ရှိမှာတော့ထိခိုက်ဒဏ်ရာရထားတဲ့သူတွေကို လုံခြုံတဲ့နေရာတခုမှာတတ်နိုင် သမျှကုသပေးနေတယ်လို့လည်း သူကဆက်ပြောပါတယ်။
“ထိခိုက်ဒဏ်ရာရထားတဲ့သူတွေကိုတော့ လုံခြုံတဲ့နေရာတွေမှာ ပြန်ပြီးတော့ ဆရာဝန်တွေဘက်ကနေ တတ်နိုင်သမျှ ဆေးကုသနေတဲ့အပိုင်းတွေရှိပါတယ်။ဒါပေမယ့် ဒီအတိုင်းတော့ပစ်ထားတာ မဟုတ်ပါဘူး တတ်နိုင်သမျှ ကြိုးစားပမ်းစားနဲ့ ဆေးကုသပေးနေတဲ့အပိုင်းတွေရှိပါတယ်။”
ဒါ့အပြင် ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြိုနယ် ၊ င/ လုံးစု အထက်ရွာနဲ့အောက်ရွာကို စစ်အုပ်စုက အခုလ ဒီဇင်ဘာ ၁၁ရက်နေ့ညနေပိုင်းမှာ လေကြောင်းကနေ ပေါင်း ၅၀၀ဗုံးနှစ်လုံးကြဲခဲ့တာကြောင့် အရပ်သား ၈ ဦးပွဲချင်းပြီးသေဆုံးပြီး ၁၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒဏ်ရာရရှိထားတဲ့ထဲက ဒဏ်ရာပြင်းထန်တဲ့ လူနာတစ်ဦးကတော့ ဒီဇင်ဘာလ ၁၅ရက်နေ့က ဆေးကုသမှုခံယူနေစဉ်သေဆုံးသွားတာလည်းဖြစ်ပါတယ်။ ကျန်တဲ့ ဒဏ်ရာလူနာတွေကို ဆက်လက်ဆေးကုသပေးနေတာရှိပေမယ့် ဆေးစဝါးမလုံလောက်တာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကျောက်ဖြူဒေသခံတစ်ဦးကပြောပါတယ်။
“ဗုံးဒဏ်ထိလူနာရယ်လို့မဟုတ်ပါဘူး။ ဒီမှာက ဖျားလို့ နေမကောင်းဖြစ်ရင်တောင် ဆေးကုသဖို့ကခက်ခဲပါတယ်။ ပိုက်ဆံမရှိကြတာရှိသလို ဆေးကုသဖို့နေရာမရှိတာကလည်းတမျိုး ဆေးမရှိတာလည်းတမျိုးလေ။ ဒီကြားထဲ စားဖို့မရှိနဲ့ အခက်အခဲတွေပါပဲ”
ရခိုင်ပြည်နယ်မှာ စစ်အုပ်နဲ့အာရက္ခတပ်တော်-AAကြား ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နိုင်ဝင်ဘာလအကုန်ပိုင်း တကျော့ပြန်တိုက်ပွဲတွေစတင်ကတည်းက ရခိုင်ပြည်တွင်း ဆေးဝါးနဲ့ကုန်ပစ္စည်းသယ်ယူခွင့်တွေကို စစ်အုပ်စုက ပိတ်ပင်ထားတာဖြစ်သလို ဖုန်းနဲ့အင်တာနက်လိုင်းတွေအားလုံးကိုလည်း ဒီကနေ့အထိ ဖြတ်တောက်ထားတာဖြစ်ပါတယ်။
ဒါ့အပြင် စစ်အုပ်စုအနေနဲ့ ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေအားလုံးဖြတ်တောက်ထားရုံသာမက ရခိုင်ပြည်နယ်အတွင်းက စာသင်ကျောင်းတွေ၊ဆေးရုံတွေကိုလည်း လေကြောင်းကနေမကြာခဏလာ ရောက်ဗုံးကြဲနေတာလည်းဖြစ်ပါတယ်။
စစ်အုပ်စုရဲ့ အခုလိုလုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှုမြောက်နိုင်သလို လူ့အခွင့်အရေးတွေကိုလည်း ပြောင်းပြောင်းတင်းတင်းချိုးဖောက်နေတာကြောင့် နိုင်ငံတကာအနေနဲ့ စစ်အုပ်စုကို အရေးယူပေးကြဖို့ ပြည်တွင်းပြည်ပက လူ့အခွင့်အရေးအဖွဲ့တွေနဲ့ နိုင်ငံတကာအကြီးအကဲတွေက တိုက်တွန်းထားတာကြ တာလည်းဖြစ်ပါတယ်။







Comments