လူအမြောက်အများသေခဲ့ရတဲ့ မြောက်ဦးဆေးရုံဗုံးကြဲမှုကို နိုင်ငံတကာက ပြင်းပြင်းထန်ထန်ရှုတ်ချ
- BVJ

- Dec 15, 2025
- 1 min read
BVJ/ဂျိုး_ဒီဇင်ဘာ ၁၂၊ ၂၀၂၅

ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကြီးကို စစ်အုပ်စုက လေကြောင်းဗုံးကြဲခဲ့တာကြောင့် ကလေးသူငယ်တွေပါအဝင် အရပ်သား ၃၃ ဦးသေဆုံးပြီး ၈၀ နီးပါးပြင်းပြင်းထန်ထန်ဒဏ်ရာရှိခဲ့တာနဲ့ပတ်သက်ပြီး နိုင်ငံတကာအကြီးအကဲတွေအပါအဝင် ပြည်တွင်းပြည်ပအဖွဲ့အစည်း တော်တော်များများကရှုတ်ချကြောင်း ထုတ်ပြန်ထားကြပါတယ်။
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ မြောက်ဦးဆေးရုံကို စစ်အုပ်စု လေကြောင်းဗုံးကြဲခဲ့တာနဲ့ပတ်သက်ပြီး UKရဲ့ အင်ဒို-ပစိဖိတ်ဆိုင်ရာဝန်ကြီးကသူရဲ့ X လူမှုကွန်ယက်ပေါ်မှာ အခုလိုရေးသားထားပါတယ်။
“လူ့အခွင့်အရေးနေ့မှာ ဆေးရုံကိုမြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်တဲ့လုပ်ရပ်ကို အတော်ထိတ်လန့်တုန်လှုပ်မိပါတယ်။ အခုလို အရပ်သားတွေကို သတ်ဖြတ်တာဟာလည်း နိုင်ငံတကာဥပဒေကိုချိုးဖောက်တာဖြစ်တယ် ”
ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်ကလည်း မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေကို နိုင်ငံတကာအနေနဲ့ လျစ်လျူရှု့ထားကြတယ်လို့ပြောပါတယ်။
“အခု ဒီလိုပုံစံမျိုးတုန့်ပြန်နေရတာကို ကျွန်တော်ကိုယ်တိုင်လည်း အားရ ကျေနပ်မှုမရှိပါဘူး။ ပြီးတော့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အရေးယူတုန့်ပြန်မှုကလည်း မလုံလောက်ဘူးလို့ထင်ပါတယ်။ ပိုမိုနက်ရှိုင်းလာနေတဲ့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို နိုင်ငံတကာအသိုင်းအဝန်းအများစုက လျစ်လျူရှုထားကြတယ်”
မြန်မာစစ်အုပ်စုရဲ့ ဒီလုပ်ရပ်ဟာစစ်ရာဇဝတ်မှုမြောက်နိုင်ပြီး ဒီကိစ္စမှာပါဝင်သူတွေကို စုံစမ်းစစ်ဆေးအရေးယူပေးကြဖို့နဲ့ မြန်မာနိုင်ငံမှာမဟုတ်ရင်တောင် နိုင်ငံတကာတရားရုံးတွေမှာ အရေးယူနိုင်တဲ့အခြေအနေရှိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turkက သူ့ရဲ့ Xလူမှုကွန်ယက်ပေါ်မှာ မနေ့ကရေးသားထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO)အကြီးအကဲ တက်ဒရိုစ် ဂဘရီယတ်စ်စုကလည်း အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ဆေးရုံကို တိုက်ခိုက်တာကြားလိုက်တော့ အလွန်ခြောက်ခြားတုန်လှုပ်မိတယ်လို့ သူ့ရဲ့လူမှုကွန်ယက် X မှာ မနေ့ကရေးသားထားပါတယ်။
တဆက်တည်းမှာပဲ ဥရောပသမဂ္ဂ EUပြောခွင့်ရ Anitta Hipper ကလည်း မြောက်ဦးဆေးရုံကိုတိုက်ခိုက်တာဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကိုချိုးဖောက်တာဖြစ်ပြီး အရပ်သားဒဏ်ရာရသူတွေနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို ဘယ်အခြေအနေမှာမဆို ကာကွယ်စောင့်ရှောက်ရမယ်လို့ ပြောဆိုထားပါတယ်။
အခုလို နိုင်ငံတကာကအကြီးအကဲတွေအပါအဝင် လူ့အခွင့်ရေးအဖွဲ့တွေက ပြစ်တင်ရှုံ့ချနေကြပေမယ့် စစ်အုပ်စုဘက်ကတော့ အရပ်သားတွေနေထိုင်တဲ့ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ အရပ်သားတွေနေထိုင်တဲ့နေအိမ်အဆောက်အဦး၊ ဆေးရုံတွေကိုပစ်မှတ်ထားပြီး လေကြောင်းဗုံးကြဲမှုတွေဆက်လုပ်နေဆဲဖြစ်ပါတယ်။
မြောက်ဦးဆေးရုံဗုံးကြဲပြီးနောက်ပိုင်းမှာလည်း ရခိုင်တောင်ပိုင်းကျောက်ဖြူမြို့နယ်က ငလုံးစုကျေးရွာကို ဂျက်ဖိုက်တာနဲ့ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၈ ဦးသေဆုံးပြီးတော့ ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။
မြောက်ဦးလေကြောင်းပစ်ခတ်မှုအတွင်းသေဆုံးသွားတဲ့ မိသားစုဝင်များ(ဓာတ်ပုံ-ဝေဟင်အောင်)







Comments