top of page

အင်ဒိုနီးရှားက မီးတောင်ပေါက်ကွဲမှုကြောင့် လေဆိပ် ၆ ခုရပ်နားခဲ့ရ

Writer: BVJ
BVJ
Sep 7
1 min read

နီသွင်/BVJ_စက်တင်ဘာ ၆၊ ၂၀၂၆

အင်ဒိုနီးရှားနိုင်ငံ အာနတ်ခရာကာတောင် (Mount Anak Krakatau) မီးတောင်ပေါက်ကွဲမှုကြောင့် ဂျာကာတာမြို့ရဲ့ ပင်မလေဆိပ်အပါအဝင် လေဆိပ် ၆ ခုမှာ တနင်္ဂနွေနေ့က လေကြောင်းပျံသန်းမှုတွေ ရပ်နားခဲ့ရပါတယ်။ ဒါ့အပြင် အချို့ကျောင်းလုပ်ငန်းစဉ်တွေနဲ့ ငါးဖမ်းထွက်တာတွေကိုလည်း ရပ်ဆိုင်းထားခဲ့ရပါတယ်။


မီးတောင်ပြာတွေကြောင့် ဆိုကာနို-ဟာတ္တာ အပြည်ပြည်ဆိုင်ရာ လေဆိပ် (Soekarno-Hatta International Airport) ဟာ ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲအထိ လေကြောင်းပျံသန်းမှုတွေကို ယာယီရပ်ဆိုင်းထားခဲ့ရပြီး ခရီးသည် ရာပေါင်းများစွာ လေဆိပ်မှာ ပိတ်မိခဲ့ကြပါတယ်။


အဆိုပါ ပျံသန်းမှုရပ်ဆိုင်းမှုကို အကြိမ်ကြိမ် သက်တမ်းတိုးခဲ့ရတာကြောင့် နိုင်ငံတကာလေကြောင်းလိုင်း ၅၈ ခုအပါအဝင် စုစုပေါင်း ပျံသန်းမှု ၃၀၁ ခု ထိခိုက်ခဲ့ရတယ်လို့ လေဆိပ်အော်ပရေတာ Angkasa Pura က ထုတ်ပြန်ပါတယ်။ စင်ကာပူလေကြောင်းလိုင်းနဲ့ မလေးရှားလေကြောင်းလိုင်းတို့ကလည်း ဂျာကာတာကို ပျံသန်းမယ့် ခရီးစဉ်တွေကို တစ်ရက်တာ ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။


ဂျာဗားနဲ့ ဆူမတြားကျွန်းကြားမှာ တည်ရှိတဲ့ အာနတ်ခရာကတောင် မီးတောင်ဟာ သောကြာနေ့ ညပိုင်းကတည်းက စတင်ပေါက်ကွဲနေခဲ့တာဖြစ်ပြီး တနင်္ဂနွေနေ့ မနက်ပိုင်းမှာတော့ လေဆိပ်ဧရိယာတွေမှာ မီးတောင်ပြာတွေ စတင်တွေ့ရှိခဲ့ရတယ်လို့ ပို့ဆောင်ရေးဝန်ကြီးဌာနက ဆိုပါတယ်။


မီးတောင်ရဲ့ ဂျာဗားဘက်ခြမ်းမှာ ပြာတွေဟာ ပေ ၂၀,၀၀၀ (၆,၀၀၀ မီတာ) အထိ မြင့်တက်ခဲ့ပြီး ဆူမတြားဘက်ခြမ်းနဲ့ ဂျာဗားကျွန်း ဘန်တန်ပြည်နယ်ရဲ့ အချို့နေရာတွေမှာတော့ ပေ ၅၀,၀၀၀ (၁၅,၀၀၀ မီတာ) အထိ ရောက်ရှိခဲ့တယ်လို့ မိုးလေဝသဌာန BMKG က ၎င်းတို့ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။


အင်ဒိုနီးရှားနိုင်ငံဟာ မြေငလျင်နဲ့ မီးတောင်ပေါက်ကွဲမှု မကြာခဏဖြစ်ပွားတတ်တဲ့ ပစိဖိတ်သမုဒ္ဒရာရဲ့ "မီးစက်ကွင်း" (Ring of Fire) ပေါ်မှာ တည်ရှိတာဖြစ်ပါတယ်။ အာနတ်ခရာကတောင် မီးတောင်ကို ဇူလိုင်လ ၂ ရက်နေ့ကတည်းက ဒုတိယအမြင့်ဆုံး အရေးပေါ်အဆင့် (၃) သတ်မှတ်ထားခဲ့တာပါ။ ဆီမေရူမီးတောင်အပြင် မီရာပီ (Merapi)၊ လီဝိုတိုဘီ လာကီလာကီ (Lewotobi Laki-laki) နဲ့ ဆီနာဘန်(Sinabung) မီးတောင် သုံးခုကိုလည်း အဆင့် (၃) အဖြစ် သတ်မှတ်ထားပါတယ်။


မီးတောင်ကြောင့် ဆူနာမီဖြစ်လာနိုင်ချေ (ချက်ချင်း) မရှိသေးဘူးလို့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအေဂျင်စီက ပြောကြားခဲ့ပါတယ်။ သို့သော် ၂၀၁၈ ခုနှစ်က အာနတ်ခရာကတောင် မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပွားခဲ့တဲ့ ဆူနာမီကြောင့် ဂျာဗားနဲ့ ဆူမတြားမှာ လူပေါင်း ၄၀၀ ကျော် သေဆုံးခဲ့ဖူးပါတယ်။

ခရက်ဒစ် - Reuters

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page