ဆိုင်ကယ်မောင်းနှင်ချိန် ဦးထုပ်မဆောင်းပါက ဒဏ်ကြေးဘတ် ၂၀၀၀ ပေးဆောင်ရမည်
- BVJ

- May 27
- 1 min read
BVJ/Moore _ မေ ၂၇ ၊ ၂၀၂၅

ထိုင်းနိုင်ငံတစ်ဝန်း ဆိုင်ကယ်မောင်းနှင်သူတွေနဲ့ လိုက်ပါစီးနင်းသူတွေ ဆိုင်ကယ်ဦးထုပ်မဆောင်းပါက ထိုင်းရဲတပ်ဖွဲ့က အရေးယူမှုလုပ်ဆောင်ကာ ဘတ် ၂၀၀၀ အထိ ဒဏ်ကြေးပေးဆောင်ရမယ့်စီမံချက် စတင်တော့မှာဖြစ်တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
အဲဒီစီမံချက်ကို လာမယ့်ဇွန် ၁ ရက်နေ့မှာ နိုင်ငံတစ်ဝန်း စတင်လုပ်ဆောင်မှာဖြစ်ပြီး စည်းကမ်းချိုးဖောက်သူတွေကို ပထမတစ်ကြိမ် ဘတ် ၂၀၀၀ နဲ့ ထပ်မံချိုးဖောက်ပါက နှစ်ဆတိုးမြှင့် အရေးယူသွားမယ်လို့လည်း သိရပါတယ်။
နိုင်ငံတစ်ဝန်း ယာဉ်မတော်တဆမှုဖြစ်ပွားတာကို လျှော့ချနိုင်ဖို့နဲ့ ယာဉ်စည်းကမ်း ပိုမိုလိုက်နာစေဖို့ လမ်းအန္တရာယ်ကင်းရှင်းရေးစီမံချက်တွေထဲက တစိတ်တပိုင်းဖြစ်တယ်လို့လည်း ယာဉ်ထိန်းရဲတပ်ဖွဲ့အကြီးအကဲ ရဲမှူးချုပ် Nitithorn Jintakanon က ပြောပါတယ်။
ဒီစီမံချက်ဟာ ယာဉ်ကြောထိန်းချုပ်မှုပိုမိုထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့နဲ့ လမ်းအန္တရာယ်ကင်းရှင်းရေး ပိုမိုသတိပြုနိုင်ဖို့အတွက်လည်း ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ယာဉ်မတော်တဆမှုအများဆုံးဖြစ်ပွားတဲ့နေရာတွေနဲ့ ကျောင်းအနီးတွေမှာ ဆိုင်ကယ်ဦးထုပ်ဆောင်း မောင်းနှင်ရေးအတွက် သိသာထင်ရှားတဲ့ အမှတ်အသားတွေကို ဖော်ပြအသုံးပြုသွားမယ်လို့ သိရပါတယ်။
ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရမှုနဲ့ မတော်တဆမှုတွေကို လျှော့ချနိုင်ဖို့အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ညွှန်ကြားချက်တွေကို ဒေသဆိုင်ရာရဲတပ်ဖွဲ့တွေကလည်း မကြာခဏ ညွှန်ကြားထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့လည်း ယာဉ်ထိန်းရဲအကြီးအကဲ ရဲမှူးချုပ်က ပြောပါတယ်။
လမ်းမပေါ် ဆိုင်ကယ်မောင်းနှင်ချိန် ဆိုင်ကယ်ဦးထုပ်မဆောင်းသူတွေကို အရင်က ဒဏ်ကြေးငွေ ၅၀၀ ဘတ်သာ ချမှတ်ခဲ့ပြီး အခု ဘတ် ၂၀၀၀ ထိ တိုးမြှင့်ခဲ့သလို ပြစ်ဒဏ်ထပ်မံကျူးလွန်ပါက နှစ်ဆတိုးမြှင့်ကာ ဒဏ်ကြေးငွေပေးဆောင်ရမှာလည်း ဖြစ်ပါတယ်။







Comments