မော်စကိုမြို့ကားဗုံးပေါက်ကွဲမှု ရုရှားဗိုလ်ချုပ်ကြီးတစ်ဦးသေဆုံး
- BVJ

- Dec 23, 2025
- 1 min read
အေတီ/BVJ_ဒီဇင်ဘာ ၂၂၊ ၂၀၂၅

တနင်္လာနေ့မနက်ပိုင်းက ရုရှားနိုင်ငံမြို့တော်မော်စကိုမှာ ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ရုရှားစစ်တပ်ကဗိုလ်ချုပ်ကြီးတစ်ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးခဲ့သူဟာ ဒုတိယဗိုလ်ချုပ်ကြီး Fanil Sarvarov ဖာနေးလ်ဆာဗာရော့ဗ်ဖြစ်ပြီး သူ့ရဲ့ကားအောက်မှာထောင်ထားတဲ့ဗုံးပေါက်ကွဲခဲ့တာကြောင့် သေဆုံးခဲ့တာဖြစ်တယ်လို့ ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီက အတည်ပြုထားပါတယ်။
ရုရှားလက်နက်ကိုင်တပ်ဖွဲ့ စစ်ဆင်ရေးလေ့ကျင့်ဌာနအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ဖာနေ့းလ်ဆာဗာရော့ဗ်ဟာ ပြီးခဲ့တဲ့တစ်နှစ်အတွင်း ရုရှားနိုင်ငံ မြို့တော်မော်စကိုမြို့မှာဗုံးပေါက်ကွဲမှုကြောင့်သေဆုံးခဲ့တဲ့ တတိယမြောက်စစ်ဘက်အရာရှိဖြစ်ပါတယ်။ ဒီဗုံးဖောက်ခွဲမှုကို ယူကရိန်းထောက်လှမ်းရေးတပ်ဖွဲ့ကစီစဥ်တာလို့ ရုရှားဘက်ကစွပ်စွဲပေမယ့် ယူကရိန်းဘက်ကဘာမှမှတ်ချက်မ ပေးသေးပါဘူး။
ရုရှားမီဒီယာတွေရဲ့အဆိုအရ ရုရှားဒုတိယဗိုလ်ချုပ်ကြီး ဆာဗာရော့်ဗ်ဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေနဲ့ ၂၀၀၀ပြည့်လွန်နှစ်အစောပိုင်းတွေမှာ Ossetian-Ingush ပဋိပက္ခနဲ့စစ်ပွဲတွေအတွင်း တိုက်ခိုက်ရေးနဲ့စစ်ဆင်ရေးတွေမှာပါဝင်ခဲ့ပြီး ၂၀၁၅ ကနေ ၂၀၁၆ ခုနှစ်အတွင်း ဆီးရီးယားကစစ်ဆင်ရေးတွေမှာလည်း ဦးဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားကယူကရိန်းနိုင်ငံကို အပြည့်အဝ ကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း စစ်ဘက်အရာရှိတွေနဲ့ထင်ရှားတဲ့ပုဂ္ဂိုလ်အများအပြား ရုရှားနိုင်ငံ၊မော်စကိုမြို့မှာ ပစ်မှတ်ထားလုပ်ကြံခံရမှုရဲ့ သားကောင်တွေဖြစ်နေပါတယ်။
ပူတင်ရဲ့ အနီးကပ်မဟာမိတ်ရဲ့သမီး နိုင်ငံရေးသိပ္ပံပညာရှင်၊ ဂျာနယ်လစ် အသက် ၂၉ နှစ်အရွယ် ဒါယာဒူဂျီနာဟာ ၂၀၂၂ ခုနှစ်ကကားဗုံးခွဲမှုလို့ယူဆရတဲ့ဖြစ်ရပ်ကြောင့် သေဆုံးခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး ယာရိုစလဗ် မော့စ်ကာလစ်ခ်က ပြီးခဲ့တဲ့ဧပြီလက ကားဗုံးပေါက်ကွဲမှုကြောင့်သေဆုံးခဲ့ပြီး ဗိုလ်ချုပ်ကြီး အိုင်ဂေါ ကီရီလော့ဗ်ဟာလည်း ၂၀၂၄ခုနှစ် ဒီဇင်ဘာလက စကူတာထဲမှာဗုံးထည့်ထားတဲ့အတွက် ဗုံးပေါက်ကွဲပြီးသေဆုံးခဲ့ပါတယ်။
နောက်ပိုင်းမှာ ယူကရိန်းသတင်းရင်းမြစ်တစ်ခုကနေ ကီရီလော့ဗ်ကိုယူကရိန်းလုံခြုံရေးတပ်ဖွဲ့ကသတ်ဖြတ်ခဲ့ကြောင်း BBCကိုပြောကြားခဲ့ပေမယ့် မှတ်တမ်းအနေနဲ့ အတည်ပြုလို့မရခဲ့ပါဘူး။ မှတ်တမ်းမှာလည်း အတည်ပြုခဲ့ခြင်းမရှိပါ။ မူဝါဒအရလည်း ယူကရိန်းကပစ်မှတ်ထားတိုက်ခိုက်မှုတွေကို တရားဝင်ဝန်ခံတာ သို့မဟုတ် တာဝန်ယူတာမျိုးမရှိခဲ့ပါဘူး။
ခရက်ဒစ်- ဘီဘီစီ







Comments