မုံရွာပလဖစခန်း စီးနင်းမှုအပေါ် မုံရွာPDFအဖွဲ့တွေငြင်းဆို
- BVJ

- Jul 1
- 1 min read
ယူဂရင်း/BVJ_ဇူလိုင် ၁၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)စခန်းစီးနင်းခံရပြီး ပလဖတာဝန်ခံနဲ့ ပြည်သူသုံးဦးအပါအဝင် လူ(၈)ဦးသေဆုံးမှုအပေါ် ပါဝင်ပတ်သက်မှုမရှိဘူးလို့ မုံရွာပြည်သူ့ကာကွယ်ရေးအဖွဲ့(မုံရွာပကဖ)က ဒီနေ့ ဇူလိုင် ၁ရက်နေ့မှာငြင်းဆိုချက်ထုတ်ပြန်လာပါတယ်။
မုံရွာမှာ ဇွန် ၂၉ရက်နေ့က ပလဖစခန်းငယ်နှစ်နေရာကို လက်နက်ကိုင်အဖွဲ့တွေဝင်ရောက်ပစ်ခတ်စီးနင်းခဲ့ရာ မြို့နယ်ပလဖတာဝန်ခံအပါအဝင် ရဲဘော် (၅)ဦးနဲ့ ပြည်သူ (၁)ဦးသေဆုံးခဲ့ပြီး နောက်ထပ် မြို့နယ်ပလဖရဲဘော်တွေရှိနေတဲ့ စားသောက်ဆိုင်တစ်ဆိုင်ကိုလည်း လက်နက်ကိုင်အဖွဲ့တွေက ဝင်ရောက်ပစ်ခတ်စီးနင်းခဲ့ရာ ပြည်သူ (၂)ဦးထပ်မံသေဆုံးခဲ့ပါတယ်။
အဲ့ဒီ ဖြစ်စဉ်နှစ်ခုအတွင်းမှာ သေဆုံးသူ (၈)ဦးရှိခဲ့ပြီး အဲ့ဒီဖြစ်စဉ်တွေမှာ မုံရွာပကဖအနေနဲ့ ပါဝင်ပတ်သက်မှုမရှိဘူးလို့ ထုတ်ပြန်လာတာပါ။
သတင်းမီဒီယာစာမျက်နှာအချို့နဲ့ လူသိများတဲ့တော်လှန်ရေးပုဂ္ဂိုလ်တွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ အဲ့ဒီပစ်ခတ်မှုကျူးလွန်သူတွေထဲ မြို့နယ်ပကဖကပါဝင်သယောင်ဖော်ပြထားတာကြောင့် အခုလိုရှင်းလင်းထုတ်ပြန်ရတာဖြစ်ပြီး မီဒီယာတွေမေးမြန်းမှုကိုလည်းဖြေမှာမဟုတ်ဘူးလို့ မုံရွာပကဖထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
အလားတူပဲ မုံရွာPDFအမှတ် (၂၄)တပ်ရင်းကလည်း ပလဖစခန်းဝင်ရောက်စီးနင်းခံရမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး သူတို့အနေနဲ့အသေးစိတ်သိရှိထားခြင်းမရှိကြောင်းနဲ့ ပါဝင်ပတ်သက်မှုတစုံတရာမရှိကြောင်းဆိုပြီး မနေ့က ဇွန် ၃၀ရက်ညမှာ ထုတ်ပြန်ပါတယ်။
မုံရွာပလဖစခန်းဝင်စီးခံရပြီး တာဝန်ခံနဲ့လူ(၈)ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်ဟာ မုံရွာခရိုင် တပ်ရင်း ငါးခုပေါင်းထားတဲ့ တပ်ရင်း (၄)၊( ၂၂) ၊(၂၃) ၊ (၂၅) ၊(၂၈) တို့ကဝင်စီးတာဖြစ်တယ်လို့သတင်းတွေထွက်ပေါ်ပြီးနောက်မှာ အခုလိုငြင်းဆိုချက်ထုတ်ပြန်လာကြတာပါ။
ဒါ့အပြင် မုံရွာပလဖတာဝန်ခံအာကူးဟာ ပစ်ခတ်မှုအတွင်းသေဆုံးတာမျိုးမဟုတ်ဘဲ ပစ်ခတ်ဖမ်းဆီးနှိပ်စက်ခံရပြီးမှသာသေဆုံးသွားတာဆိုတဲ့ သတင်းတွေလည်းထွက်ပေါ်နေပါတယ်။
ဒီကိစ္စဟာ NUGအောက်ကတပ်ရင်းတပ်ဖွဲ့တွေအချင်းချင်းကြားဖြစ်ပွားခဲ့ပေမယ့် ဒါကိုNUGတိုင်းစစ်ဌာနတွေညွန်ကြားချက်နဲ့လုပ်တာမဟုတ်ဘူးလို့ NUGဘက်ကတာဝန်ရှိသူတွေက သတင်းမီဒီယာအချို့မှာပြောထားပါတယ်။ ဒါပေမယ့် ဒါနဲ့ပတ်သက်ပြီးဘယ်လိုဆောင်ရွက်နေလဲဆိုတာကိုတော့ NUGကတရားဝင်အသိပေးထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။




Comments