top of page

ဝန်ထမ်းတွေခြိမ်းခြောက် လုပ်ကြံသတ်ဖြတ်ခံနေရတာတွေကြောင့် သစ်နဲ့သစ်တော၊ သယံဇာတစီမံခန့်ခွဲမှုကို NUGယာယီရပ်ဆိုင်း

  • Writer: BVJ
    BVJ
  • 5 days ago
  • 1 min read

မိုနာ/BVJ_ဒီဇင်ဘာ ၉၊ ၂၀၂၅

ဓါတ်ပုံ-ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ နှစ်ပြည့်မွေးနေ့အကြို အထိမ်းအမှတ်အဖြစ် ကျွန်းပင် အပင် (၈၀၀) စိုက်ပျိုးခြင်းမှတ်တမ်းကို MONRECက ၂၀၂၅၊ ဇွန် ၁၈ရက်ကထုတ်ပြန်ထားပုံ။
ဓါတ်ပုံ-ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ နှစ်ပြည့်မွေးနေ့အကြို အထိမ်းအမှတ်အဖြစ် ကျွန်းပင် အပင် (၈၀၀) စိုက်ပျိုးခြင်းမှတ်တမ်းကို MONRECက ၂၀၂၅၊ ဇွန် ၁၈ရက်ကထုတ်ပြန်ထားပုံ။

သစ်နဲ့သစ်တောထွက်ပစ္စည်းတွေ တရားမဝင်ထုတ်လုပ်သယ်ဆောင်မှုကို တားမြစ်အရေးယူခြင်းနဲ့ အခွန်ဒဏ်ကြေးကောက်ခံခြင်းအပါအဝင် စီမံခန့်ခွဲမှုကိစ္စအရပ်ရပ်ကို အခု ဒီဇင်ဘာလ ၁ရက်နေ့ကစပြီး အမျိုးသားညီညွတ်ရေးအစိုးရ-NUG သယံဇာတနဲ့သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေနဲ့ ပါဝင်ဆောင်ရွက်ခြင်းမပြုတော့ဘဲ ယာယီရပ်ဆိုင်းလိုက်ပြီလို့ မနေ့က ဒီဇင်ဘာ ၈ရက်မှာ ကြေညာပါတယ်။


သစ်တော၊ ပတ်ဝန်းကျင်ကဏ္ဍအနေနဲ့ ကြားကာလအရေးပေါ်လုပ်ထုံးလုပ်နည်းတွေနဲ့အညီ သစ်နဲ့သစ်တောထွက်ပစ္စည်းတွေ စီမံခန့်ခွဲရာမှာ တရားမဝင်သစ်နဲ့သစ်တောထွက်ပစ္စည်းတွေ ထုတ်လုပ်သယ်ဆောင်မှုကို စိစစ်အရေးယူခြင်း၊ ဒဏ်ကြေးကောက်ခံခြင်း၊ ဒေသတွင်းအသုံးပြုမှုအတွက် အခွန်ဒဏ်ကြေးနဲ့ သယ်ဆောင်ခွင့်ပြုခြင်း လုပ်ငန်းတွေကနေ တော်လှန်ရေးကာလ အခြေအနေအရပ်ရပ်နဲ့လျော်ညီတဲ့ ဌာနဖွဲ့စည်းပုံ၊ ဝန်ထမ်းအင်အားစုဖွဲ့မှု၊ ဆက်စပ်ဌာန/အဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ဆောင်ရွက်တဲ့နည်းလမ်းတွေကိုအသုံးပြုပြီး ၂၀၂၂ခုနှစ်ကနေ ၂၀၂၅ ဇူလိုင်လအထိကို ဘဏ္ဍာရန်ပုံငွေ ကျပ် ၂၈ ဘီလီယံကျော် ရှာဖွေပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။


ဒါပေမယ့် အစိုးရရဲ့မူဝါဒ၊ ကြားကာလလုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်တွေနဲ့အညီ ဝန်ထမ်းတွေက လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရာမှာ စီမံခန့်ခွဲခွင့်မူဘောင်ကို ကျော်လွန်စွက်ဖက်မှုတွေ၊ အတားအဆီးနဲ့ဖိအားပေးမှုတွေ၊ ပဋိပက္ခတွေ၊ နှုတ်နဲ့သော်လည်းကောင်း လက်နက်အားကိုးနဲ့သော်လည်းကောင်း အန္တရာယ်ပြုခြိမ်းခြောက်တာတွေ၊ အကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုတွေပေါ်ပေါက်လာကြောင်းနဲ့ ဖြစ်စဉ်အလိုက် ထိုက်သင့်တဲ့ဖြေရှင်းမှုရရှိဖို့ ဝန်ကြီးဌာနတာဝန်ရှိသူတွေက အစိုးရအဖွဲ့အတွင်း အဆင့်ဆင့်ကြိုးစားညှိနှိုင်းဖြေရှင်းဖို့ လုပ်ဆောင်ခဲ့ပေမယ့်လည်း တိုးတက်မှုမရရှိသေးဘူးလို့ သယံဇာတနဲ့သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။


“မိမိတို့ဝန်ကြီးဌာန ဝန်ထမ်းများနှင့် သစ်နှင့်သစ်တောထွက်ပစ္စည်း စီမံအုပ်ချုပ်မှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အုပ်ချုပ်ရေးနှင့် လုံခြုံရေးဝန်ထမ်းများအတွက်ပါ စီမံခန့်ခွဲမှုအခက်အခဲများနှင့် အန္တရာယ်မကင်းသည့် အခြေအနေများကို ဆက်လက်ကြုံတွေ့နေရပါသည်”လို့ ပြောထားတာပါ။


ဒါကြောင့် ဝန်ကြီးဌာနရဲ့ သစ်တော၊ ပတ်ဝန်းကျင်ကဏ္ဍက သစ်နဲ့သစ်တောထွက်ပစ္စည်းတွေစီမံခန့်ခွဲမှုကို ရပ်ဆိုင်းခြင်းဟာ ဝန်ထမ်းတွေရဲ့စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးကိုရှေးရှုပြီး သယံဇာတစီမံ အုပ်ချုပ်မှုပဋိပက္ခတွေလျှော့ချရေးကိုသာဦးတည်ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ကြေညာပါတယ်။


NUG သယံဇာတနဲ့သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်း ၈၀ရာခိုင်နှုန်းခန့်ဟာ CDMလုပ်ထားသူတွေဖြစ်ကြတယ်လို့ သိရပါတယ်။


စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့ အတွင်းရေးမှူး ဦးအရိန္ဒမာဆိုသူဟာ အခုနှစ် ဇန်နဝါရီ ၂ရက်နေ့မှာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတာကြောင့် အမှုမှန်ပေါ်ပေါက်ရေးစုံစမ်းနေတယ်လို့ NUG ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ (MONREC)က ဇန်နဝါရီ ၆ရက်မှာထုတ်ပြန်ကြေညာခဲ့ပေမယ့် အမှုနဲ့ပတ်သက်ပြီးအခုနှစ်ကုန်အထိ တစုံတရာထပ်မံထုတ်ပြန်လာတာမျိုး မတွေ့ရသေးပါဘူး။


CDMအရာရှိတစ်ဦးဖြစ်တဲ့ ဦးအရိန္ဒမာဟာ နေ့လယ် နှစ်နာရီအချိန်မှာပဲ ကောလင်းမြို့နယ်၊ ရွှေတွင်းကျေးရွာနဲ့ရှမ်းကလုံးကျေးရွာအစပ် ရွှေတွင်းကျေးရွာကနေ (၂)ဖာလုံခန့်အကွာမှာ သေနတ်နဲ့ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခံလိုက်ရတာဖြစ်ပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page