ပတ္တမြားမြေကိုကာကွယ်ဖို့ ရဲဘော်တွေလိုအပ်နေ
- BVJ

- Oct 31
- 1 min read
မိုနာ/BVJ_အောက်တိုဘာ ၃၁၊ ၂၀၂၅

မန္တလေးတိုင်း၊မိုးကုတ်မြို့လက်ရှိအခြေအနေအရ စစ်အုပ်စုကိုပြန်လည်ခုခံတိုက်ခိုက်ဖို့အတွက် မိုးကုတ်မြို့နယ်ကတော်လှန်ရေးရဲဘော်ဟောင်းတွေအနေနဲ့ ပြန်လည်ပူးပေါင်းပါဝင်လာပေးကြဖို့ မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-မိုးကုတ်ပကဖက ဖိတ်ခေါ်နေပါတယ်။
အကြောင်းအမျိုးမျိုးကြောင့်အနားယူထားကြတဲ့ ရဲဘော်တွေကိုပြန်လည်ခေါ်ယူတာဖြစ်တယ်လို့ မိုးကုတ်ပကဖက မနေ့က အောက်တိုဘာ ၃၀ရက်မှာထုတ်ပြန်ထားပါတယ်။
“လက်ရှိအချိန်မှာ မိုးကုတ်မြို့ရဲ့စစ်ရေးအကြပ်အတည်းနဲ့ ကြုံတွေ့နေရတဲ့အချိန်မှာ အတူတူလက်တွဲပြီး ရုန်းကန်ကြနိုင်ဖို့ တိုက်တွန်းပါရစေ။ကာလအပိုင်းအခြားတစ်ခုအနေနဲ့ စစ်ကော်မရှင်ကို ပြန်လည်ပြီး တွန်းလှန်တိုက်ထုတ်ကြမယ်။ သက်မှတ်ထားတဲ့ အတိုင်းအတာ တစ်ခုရောက်ခဲ့ရင် ညီအစ်ကိုတို့ ဖြစ်ချင်တဲ့ ဆန္ဒတွေအတိုင်း အနားယူချင် အနားယူလို့ရမယ်။ ဆက်လက်တာဝန်ထမ်းဆောင်ချင်ရင် ထမ်းဆောင်ခွင့်ရပါမယ်။
မိုးကုတ်မြို့သားတွေဖြစ်တဲ့အတွက် မိုးကုတ်မြို့အပေါ် သံယောဇဉ်ကြီးပြီးတော့ မြို့အတွက် တစ်ကယ်ပဲ စွန့်လွှတ်အနစ်နာခံလိုတဲ့ ညီအစ်ကိုရဲဘော်တို့ကို ကျနော်တို့လိုအပ်နေပါတယ်”လို့ ပြောပါတယ်။

အလားတူပဲ မိုးကုတ်ဗျူဟာကလည်း တပ်ဖွဲ့နဲ့ကင်းကွာနေတဲ့ရဲဘော်တွေကို ဒီနေ့မနက်မှာ ပြန်လည်ဖိတ်ခေါ်လာပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် တပ်ဖွဲ့နဲ့ကင်းကွာနေတဲ့ရဲဘော်တွေအနေနဲ့ အခုထုတ်ပြန်တဲ့နေ့ကစပြီး တပါတ်အတွင်းမှာ တာဝန်ပြန်လည်ထမ်းဆောင်မယ့်အကြောင်း သတင်းပို့ချိတ်ဆက်လာကြဖို့နဲ့ သတင်းပို့ချိတ်ဆက်လာသူတွေကို ပြန်လည်စိစစ်ပြီး ရဲဘော်ရဲ့နောင်တနဲ့ဆန္ဒပြင်းပြမှုကို အလေးထားစဉ်းစားပေးမယ်လို့ ဖော်ပြထားပါတယ်။
သတ်မှတ်ရက်ကျော်လွန်တဲ့အထိဆက်သွယ်မလာတဲ့ရဲဘော်တွေကိုတော့ တရားဝင်တပ်ပြေးအဖြစ်ကြေညာပြီး MODရဲ့စစ်ဘက်ဆိုင်ရာတပ်ပြေးမူဥပဒေအရ ပြစ်ဒဏ်ခံရမယ်လို့လည်း ပြောထားပါတယ်။
ဒီရဲဘော်တွေဟာတပ်နဲ့ဘာကြောင့်ကင်းကွာသွားလဲဆိုတာကို သိရဖို့အတွက် မိုးကုတ်ဗျူဟာနဲ့ မိုးကုတ်ပကဖကို Burma VJက ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် TRIဗျူဟာ-အမှတ် ၁၂၂၂တပ်ရင်းကလည်း တပ်ထဲဝင်ပြီးကာကွယ်ကြဖို့နဲ့ မန္တလေးကညီအကိုတွေကိုလည်း ဖိတ်ခေါ်ကြောင်း အခုမနက်မှာပဲ ထုတ်ပြန်လာပါတယ်။
TNLAကစစ်အုပ်စုနဲ့အပစ်ရပ်လက်မှတ်ထိုးပြီး မိုးကုတ်၊မိုးမိတ်ကနေ ပြန်လည်ဆုတ်ခွာတော့မယ့်အကြောင်း အခုအောက်တိုဘာ ၂၉ရက်ညနေမှာ အသိပေးလာပြီးနောက်ပိုင်းမှာ မိုးကုတ်ကိုTNLAနဲ့အတူတိုက်ခိုက်သိမ်းပိုက်ခဲ့ကြတဲ့ NUGကာကွယ်ရေးဝန်ကြီးဌာနအောက်ကPDFတပ်တွေဟာ မိုးကုတ်ကိုကာကွယ်သွားမယ့်အကြောင်း အသီးသီးကြေညာလာကြပါတယ်။
တပါထဲမှာပဲ မိုးကုတ်နဲ့ဆက်စပ်ဒေသတွေအတွက် ရဲဘော်ခေါ်ယူမှုတွေကိုပါ ဆက်တိုက်လုပ်ဆောင်လာကြတာပါ။







Comments