မွေးဖွားအခြေတည်ရာဒေသတွေကို ဆက်ကာကွယ်မယ်လို့ မိုးကုတ်တိုက်ပွဲဝင်တပ်ဖွဲ့တွေ ကြေညာ
- BVJ

- Oct 30
- 1 min read
မိုနာ/BVJ_အောက်တိုဘာ ၃၀၊ ၂၀၂၅

တအာင်းတပ်မတော်-TNLAက အာဏာသိမ်းစစ်တပ်နဲ့အပစ်ရပ်လက်မှတ်ထိုးလိုက်တာကြောင့် မိုးကုတ်၊မိုးမိတ်ကနေဆုတ်ခွာတော့မယ်လို့ မနေ့ကကြေညာပြီးတဲ့နောက်မှာ PDFတပ်ရင်း၊တပ်ဖွဲ့တွေကလည်း မွေးဖွားအခြေတည်ရာဒေသတွေကိုကာကွယ်ပြီး ဆက်လက်တိုက်ပွဲဝင်မယ်လို့ ထုတ်ပြန်လာကြပါတယ်။
ဘယ်လောက်ပင်ကြီးမားတဲ့ အခက်အခဲအတားအဆီးတွေရှိနေစေကာမူ ဘုံရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးတိုက်ပွဲတွေကို ဆထက်ထမ်းပိုးဆက်လက်ဖော်ဆောင်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က မနေ့က ညပိုင်းမှာထုတ်ပြန်ပါတယ်။
အလားတူ မိုးကုတ်ဗျူဟာကလည်း တော်လှန်ရေး ခရီးတလျှောက် ဘယ်လိုပင်ခက်ခဲတဲ့ အချိုးအကွေ့တွေနဲ့ ကြုံရသည်ဖြစ်စေ မိုးကုတ်ဗျူဟာနဲ့အတူ မိုးကုတ်အခြေပြုတော်လှန်ရေးအဖွဲ့တွေက တော်လှန်ရေးအောင်မြင်တဲ့အထိဆက်လက် တိုက်ပွဲဝင်မယ်ဆိုပြီး မိုးကုတ်ပြည်သူတွေကိုအသိပေးလာပါတယ်။
မိုးကုတ်ဗျူဟာဟာ NUG ကာကွယ်ရေးဝန်ကြီးဌာန-MOD လက်အောက်က တရားဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။
၁၀၂၇စစ်ဆင်ရေးအတွင်းမှာ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်အတွင်းက မိုးကုတ်မြို့ကို TNLAနဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ထိန်းချုပ်ထားတာဖြစ်ပါတယ်။ တိုက်ခိုက်ခဲ့တဲ့အဖွဲ့တွေထဲမှာ မန္တလေးPDF ၊ မိုးကုတ်ဗျူဟာ ၊TRI ဗျူဟာတို့လည်းပါဝင်ပါတယ်။
အမှတ် ၁၂၂၂တပ်ရင်း(TRIဗျူဟာ)ကလည်း မိတ်ဖက်တော်လှန်ရေးအင်အားစုတွေနဲ့တွဲဖက်ကာ မိမိတို့မွေးဖွားအခြေတည်ရာဒေသတွေကိုကာကွယ်ပြီး အခက်အခဲတွေကြားကနေ ဆက်လက်ချီတက်တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုကြောင်း ဒီနေ့ အောက်တိုဘာ ၃၀ရက် မနက်မှာ ထုတ်ပြန်ကြေညာလာပါတယ်။

ဗျူဟာအမှတ် ၉၃(TRI ဗျူဟာ)၊ နည်းဗျူဟာမှူးကိုဝေမိုးကျော်ကလည်း “TRIရော ၊ MDY-PDFရော၊ ပကဖရော၊ မိုးကုတ်ဗျူဟာရော၊ ခရိုင်တပ်တွေရော၊ မဟာမိတ်အင်အားစုတွေရော စုပေါင်း ရှေ့သို့ပါပဲ”လို့ သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားတာကိုတွေ့ရပါတယ်။
TRIဗျုဟာက စဉ့်ကူး၊သပိတ်ကျင်း နယ်မြေခံတွေအပါအဝင်အင်အားများစွာနဲ့ စုဖွဲ့ထားတဲ့ NUGမန္တလေးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်က ဗျူဟာဖြစ်ပါတယ်။
TNLAနဲ့စစ်တပ်ဟာ တရုတ်ရဲ့ကြားဝင်ညှိနှိုင်းပေးမှုနဲ့ အခုလ ၂၇၊၂၈ရက်တို့မှာ တရုတ်နိုင်ငံ၊ကူမင်းမြို့မှာ (၉)ကြိမ်မြောက်တွေ့ဆုံဆွေးနွေးပြီး အပစ်ရပ်ဖို့သဘောတူလိုက်ကြတာဖြစ်ပါတယ်။
သဘောတူညီချက်အရ မနေ့ကထဲက စတင်ကာနှစ်ဖက်အပစ်ရပ်လိုက်ကြသလို TNLAကလည်း မိုးကုတ်၊မိုးမိတ်ကနေဆုတ်ခွာနေပြီး သဘောတူညီချက်ထဲမှာ တအာင်းဒေသတွေကို စစ်အုပ်စုဘက်ကလည်း လေကြောင်းဗုံးကြဲမှုမပြုလုပ်ရဘူးဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။







Comments