မိုးကုတ်-မိုးမိတ် တိုက်ပွဲပြင်းထန်နေဆဲ
- BVJ

- Dec 24, 2025
- 1 min read
BVJ/ဂျိုး_ဒီဇင်ဘာ ၂၄၊၂၀၂၅

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်အတွင်းမှာ အခု ဒီဇင်ဘာလ ၇ ရက်နေ့ကစပြီး ဒီကနေ့အထိ စစ်အုပ်စုနဲ့အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။
မိုးကုတ်မြို့နယ်အတွင်းမှာ တိုက်ပွဲကြီး (၆)ကြိမ်နဲ့ ထိတွေ့တိုက်ပွဲငယ် (၉)ကြိမ်အထိဖြစ်ပွားခဲ့ပြီး စစ်အုပ်စုတပ်ဖွဲ့ဝင် (၁၈)ဦးသေဆုံးကြောင်း မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး စစ်သုံ့ပန်း (၃) ဦးကိုလည်းလက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်အုပ်စုခြေကုတ်ယူထားတဲ့ မိုးကုတ်မြို့နယ်အတွင်းက ကျေးရွာတရွာနဲ့ စိုးမိုးကုန်းတခုကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထပ်မံသိမ်းပိုက်ရရှိထားတယ်လို့ဆိုထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ (ပကဖ) အနေနဲ့ ပြည်သူလူထုနဲ့အတူလက်တွဲပြီး မိုးကုတ်မြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်းကို ကျူးကျော်ဝင်ရောက်လာတဲ့ စစ်အုပ်စုကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်တယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြောဆိုထားတာလည်းဖြစ်ပါတယ်။
မိုးကုတ်မြို့ကိုဦးဆောင်သိမ်းပိုက်ထားတဲ့ တအာင်းတပ်-TNLAဟာ တရုတ်ရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့် မိုးကုတ်မြို့ကနေ ဆုတ်ခွာပေးခဲ့ရပြီး၊ လက်ရှိမှာတော့ စစ်အုပ်စုက မြို့ပေါ်ကိုပြန်လည်ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။







Comments