မိုးကုတ်၊မိုးမိတ်အခြေအနေကို တိုက်ပွဲဝင်တပ်ဖွဲ့တွေ ထုတ်ပြန်
- BVJ

- 18 minutes ago
- 1 min read
ယူဂရင်း/BVJ_မတ် ၂၄၊ ၂၀၂၆

မိုးကုန်၊မိုးမိတ်စစ်ဆင်ရေးမှာ မြင့်မြတ်စွာကျဆုံးခဲ့ကြရတဲ့ရဲဘော်အားလုံးကို အောက်မေ့ဂုဏ်ပြုပြီး လေးစားစွာအလေးပြုတယ်လို့ မိုးကုတ်ဗျူဟာက ဒီနေ့ မတ်လ ၂၄ရက်မှာ ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့နှစ် ၂၀၂၅၊ နိုဝင်ဘာလကုန်ပိုင်းကနေစပြီး မိုးကုတ်၊မိုးမိတ်မြို့တွေကို စစ်အုပ်စုပြန်လည်ဝင်ရောက်လာချိန်ကစပြီး မိုးကုတ်၊မိုးမိတ်စစ်မြေပြင်ထိတွေ့တိုက်ပွဲတွေမှာ NUGကာကွယ်ရေးဝန်ကြီးဌာနရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာ မိုးကုတ်ဗျူဟာရဲဘော်တွေနဲ့အတူ Myingyan Black Tiger၊ ဧရာဝတီမြစ်ဝကျွန်းပေါ် တပ်ဖွဲ့နဲ့ မိုးကုတ်၊မိုးမိတ် စစ်ဦးစီးအဖွဲ့ဝင်ရဲဘော်တွေတိုက်ပွဲဝင်ခဲ့ကြတာဖြစ်ပါတယ်။
အဲ့ဒီတိုက်ပွဲတွေအတွင်းမှာ ကျဆုံးရဲဘော်တွေနဲ့ ကိုယ်လက်အင်္ဂါစွန့်ခဲ့ရတဲ့ရဲဘော်တွေကို ဦးညွတ်အလေးပြုကြောင်း ဒီနေ့မှာပြောလာတာပါ။
“နွေဦးတော်လှန်ရေးပန်းတိုင်သို့ ဂုဏ်သိက္ခာရှိစွာလျှောက်လှမ်းနေကြသည့်လမ်းခရီးတွင် ချွေးဆိုသည့်ကျည်နှင့် သွေးဆိုသည့်အသက်ဖြင့်တိုက်ပွဲဝင်ရင်း မြင့်မြတ်စွာကျဆုံးခဲ့ရသော ရဲဘော်အားလုံးတို့ကိုအောက်မေ့ဂုဏ်ပြုလျှက် လေးစားစွာအလေးပြုအပ်ပါသည်”လို့ မိုးကုတ်ဗျူဟာက ဖော်ပြပါတယ်။
ဒါ့အပြင် အဓိကရည်မှန်းချက်ဖက်ဒရယ်ဒီမိုကရေစီစနစ် အကောင်အထည်ဖော်နိုင်တဲ့အထိ ညီနောင်အဖွဲ့အစည်းတွေနဲ့အတူ လက်တွဲညီတိုက်ပွဲဝင်သွားမယ်လို့လည်း ကတိပြုထားပါတယ်။

အလားတူပဲ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLAကလည်း မိုးကုတ်တိုက်ပွဲမှာပါဝင်တိုက်ခိုက်ခဲ့ကြောင်းကို ဒီနေ့မှာအသိပေးထုတ်ပြန်လာပါတယ်။
PLAအနေနဲ့ မိုးကုတ် စခန်းကြီးတိုက်ပွဲ၊ ကျောက်ဆင် ဘော်မား ကျောက်နဂါး တိုက်ပွဲတွေမှာ PLA၂၂၂ တပ်ရင်း၊ ၃၃၃ တပ်ရင်းတို့က ပါဝင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီတိုက်ပွဲတွေမှာ မဟာမိတ်တပ်တွေဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၅၁၃ PDF တပ်ရင်း၊ Red Wolves of Mogok တပ်ရင်း၊ မိုးကုတ်ဗျူဟာ၊ Ruby Land PDF (Tri) ဗျူဟာ ရင်း ၄၊ မိုးကုတ်မြို့နယ် ပကဖ၊စစ်ကိုင်း PDF တို့နဲ့ ပူးပေါင်းပြီး လအချို့ကြာတိုက်ပွဲဝင်ခဲ့တာလို့ သိရပါတယ်။
အဲ့ဒီတိုက်ပွဲတွေအတွင်းမှာ စစ်အုပ်စုဘက်က အများစုထိခိုက်ကျဆုံးမှုရှိခဲ့ပြီး စစ်ကောင်စီကို အထိနာစေခဲ့တယ်လို့လည်း PLAကပြောထားပါတယ်။

တရုတ်ရဲ့ကြားဝင်ညှိနှိုင်းမှုနဲ့ တအာင်းတပ်မတော်-TNLAကပြန်ပေးအပ်ခဲ့လို့ စစ်အုပ်စုကပြန်လည်ဝင်ရောက်တပ်စွဲနေတဲ့ မိုးကုတ်-မိုးမိတ်ဒေသ စစ်ဆင်ရေးအခြေအနေနဲ့ပတ်သက်ပြီး NUGကလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနောက်ဆုံးပါတ်က ထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီထဲမှာ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မိုးကုတ် – မိုးမိတ်ဒေသစစ်ဆင်ရေး စစ်ဦးစီးအဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း တိုက်ပွဲကြီး (၇)ကြိမ်ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီလအတွင်းမှာ တိုက်ပွဲ ကြီးငယ်ပေါင်း (၁၀)ကြိမ်ဖြစ်ပွားခဲ့ကြောင်းနဲ့ အဲ့ဒီတိုက်ပွဲတွေအတွင်းမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိခဲ့ကြောင်း၊ ရန်သူရဲ့ အုပ်ချုပ်ထောက်ပံ့မှုရပ်ဝန်းတွေနဲ့ အရေးကြီးပစ်မှတ်တွေကို အထူးစစ်ဆင်ရေးအဖြစ်ဖော်ဆောင်ပြီး အဆက်မပြတ်ထိုးနှက်တိုက်ခိုက်နေကြောင်းစတာတွေကို ဖော်ပြခဲ့ပါတယ်။




Comments