မိုးကုတ်၊ မိုးမိတ်ပြန်လည်ထိန်းချုပ်နိုင်ရေး NUGတပ်ရင်းတွေဆောင်ရွက်နေ
- BVJ

- 3 days ago
- 1 min read
မိုနာ/BVJ_ဒီဇင်ဘာ ၁၁၊ ၂၀၂၅

တအာင်းတပ်မတော်-TNLAက အာဏာသိမ်းစစ်အုပ်စုဆီပြန်လွှဲပြောင်းပေးလိုက်ရတဲ့ မိုးကုတ်နဲ့မိုးမိတ်မြို့တို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးတိုက်ပွဲဝင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဒီနေ့ ဒီဇင်ဘာ၁၁ရက်မှာ ပြောပါတယ်။
“အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတွေအနေနဲ့ မိုးကုတ်၊မိုးမိတ်ဒေသကိုကျူးကျော်ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတပ်တွေကို ပြည်သူလူထုနဲ့လက်တွဲပြီး ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်လျက်ရှိသလို နယ်မြေစိုးမိုးထိန်းချုပ်နိုင်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ပြည်သူလူထုကိုသတင်းစကားပါးလိုပါတယ်”လို့ ပြည်သူလူထုကိုသတင်းစကားပြောကြားတဲ့အစီအစဉ်မှာ ထည့်သွင်းပြောလိုက်တာပါ။
မိုးကုတ်၊မိုးမိတ်နယ်မြေဒေသနဲ့ပတ်သက်ပြီး NUGအပေါ်မျှော်လင့်ချက်ထားပြီးစောင့်ကြည်ခဲ့ကြတာကိုလည်း သိထားပေမယ့် ထိလွယ်ရှလွယ်ဖြစ်တဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေအရပ်ရပ်ကြောင့် တရားဝင်ထုတ်ပြန်ချက်တွေကို အဆောတလျင် မထုတ်ပြန်နိုင်ခဲ့တာလို့လည်း ဦးနေဘုန်းလတ်ကပြောပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်အနေနဲ့ မိုးကုတ်၊ မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို ပြီးခဲ့တဲ့လ နိုဝင်ဘာ ၉ ရက်နေ့မှာစတင်ဖွဲ့စည်းပြီး ဒေသတွင်းရှိ PDF၊ ပကဖတပ်ရင်းတွေကိုစုစည်းကာ အမိန့်ပေးကွပ်ကဲမှုစနစ်တခုထဲအောက်ကနေ စစ်ဆင်ရေးကိစ္စတွေကို စနစ်တကျကွပ်ကဲဆောင်ရွက်နေခဲ့တာဖြစ်ကြောင်းနဲ့ တချိန်ထဲမှာပဲ စစ်ရေးကိစ္စတွေမစတင်ခင် ထိခိုက်လွယ်ဒေသခံပြည်သူတွေကို ဘေးလွတ်ရာရှောင်တိမ်းနိုင်ဖို့ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်နိုင်ဖို့၊ ထောက်ပံ့ကူညီမှုတွေဆောင်ရွက်ပေးနိုင်ဖို့တွေကိုပါ အချိန်နဲ့ တပြေးညီဆောင်ရွက်ခဲ့တယ်လို့လည်း ထုတ်ပြောပါတယ်။
အဲ့ဒီနောက် နိုဝင်ဘာလ ၃၀ ရက်ညစတင်ပြီး ဒီဇင်ဘာလ ၆ ရက်နေ့အထိ တိုက်ပွဲကြီး ၉ ပွဲ ဆင်နွှဲပြီးနောက်မှာ ရန်သူစိုးမိုးထားတဲ့စခန်းကုန်းကြီးတစ်ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
၁၀၂၇စစ်ဆင်ရေးအတွင်း TNLAကသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊မိုးကုတ်မြို့နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့တို့ကို တရုတ်ရဲ့ကြားဝင်စေ့စပ်ညှိနှိုင်းမှုနဲ့ TNLAက စစ်အုပ်စုဆီပြန်လွှဲပေးပြီးနောက်မှာ PDFတွေနဲ့ မဟာမိတ်တပ်တွေက အဲ့ဒီနယ်မြေတွေကိုဆက်လက်ကာကွယ်သွားမှာဖြစ်ကြောင်း အသီးသီးထုတ်ပြန်ကြေညာခဲ့ကြပါတယ်။
TNLAအထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော်ကတော့ မိုးကုတ်၊မိုးမိတ်ပြန်ပေးလိုက်ရပေမယ့် ပွဲမပြီးသေးဘူးလို့ သူ့ရဲ့လူမှုကွန်ရက်Facebookမှာ အခုလ ဒီဇင်ဘာ ၁ရက်ညပိုင်းကရေးထားပါတယ်။







Comments