မိုးကုတ်ရှိ ဖူဆယ်ကွင်းဗုံးကြဲခံရပြီး မိန်းကလေးငယ်သုံးဦးသေဆုံး
- BVJ

- Oct 22
- 1 min read
BVJ/ဂျိုး_အောက်တိုဘာ ၂၂၊ ၂၀၂၅

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLAထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊မိုးကုတ်မြို့ကို မနေ့က နေ့လယ် နှစ်နာရီလောက်မှာ စစ်ကောင်စီကလေကြောင်းက ဗုံးကြဲခဲ့တာကြောင့် ကလေးငယ် ၃ ဦးသေဆုံးပြီးတော့ ကလေးအပါအဝင် အရပ်သား ၁၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLAကထုတ်ပြန်ပါတယ်။
စစ်ကောင်စီဟာတိုက်ပွဲတစုံတရာဖြစ်ပွားတာမရှိတဲ့ မိုးကုတ်မြို့၊ ကန့်တောရပ်ကွက်အတွင်းက ကန်သုံးလုံးဖူဆယ်ကွင်းကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ဗုံး နှစ်လုံးကြဲတာဖြစ်ပြီး ကလေးတွေကစားနေတဲ့အချိန်ဖြစ်တဲ့အတွက် ကလေးငယ်တွေ သေဆုံးဒဏ်ရာရရှိခဲ့ကြတာပါ။
သေဆုံးသူတွေကတော့ အသက် (၁၂)နှစ်အရွယ် မမွန်သူ၊ အသက်(၆)နှစ် အရွယ် မခူသာနဲ့ အသက် (၁၀)နှစ်အရွယ် မချာရှီးတို့ဖြစ်ပြီး ကလေးအပါအဝင် ပြည်သူလူထု (၁၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။ ဒါ့အပြင် နေအိမ် (၁၁)လုံးနဲ့ ဖူဆယ်ကွင်းလည်းပျက်စီးသွားတယ်လို့ TNALကထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ TNLAထိန်းချုပ်နယ်မြေတွေကို အခု အောက်တိုဘာ (၁)ရက်နေ့ကစပြီး (၂၀)ရက်ထိ လေကြောင်းကနေ မန်တုံမြို့ကို (၂)ကြိမ်၊ ကျောက်မဲမြို့ကို (၂)ကြိမ်၊ သီပေါမြို့ကို (၅)ကြိမ်၊ မိုင်းငေါ့မြို့ကို (၃)ကြိမ်၊ မိုင်းလုံမြို့ကို (၃)ကြိမ်၊ နမ့်ဆန်မြို့ကို (၆)ကြိမ်၊ နမ္မတူမြို့ကို (၅)ကြိမ်၊ မိုးမိတ်မြို့ကို (၃)ကြိမ်နဲ့ မိုးကုတ်မြို့ကို (၂)ကြိမ် စုစုပေါင်း (၃၁)ကြိမ်လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLAထုတ်ပြန်ချက်အရသိရပါတယ်။
အခု အောက်တိုဘာ (၁) ရက်နေ့ကနေ (၁၇) ရက်နေ့အထိ စစ်ကောင်စီတပ်က မန်တုံမြို့မှာ (၁) ကြိမ်၊ ကျောက်မဲမြို့မှာ (၃)ကြိမ်၊ သီပေါမြို့မှာ (၅)ကြိမ်၊ မိုင်းငေါ့မြို့မှာ (၁)ကြိမ်၊ မိုင်းလုံမြို့မှာ (၄)ကြိမ်၊ နမ့်ဆန်မြို့မှာ (၄)ကြိမ်၊ နမ္မတူမြို့ (၅)ကြိမ်၊ မိုးမိတ်မြို့ (၃)ကြိမ်နဲ့ မိုးကုတ်မြို့ (၁)ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေး (၇) ဦး၊ အမျိုးသား (၁၁) ဦးနဲ့ အမျိုးသမီး (၁၄) ဦးတို့သေဆုံးခဲ့တဲ့အပြင် ကလေးငယ် (၁၁)ဦးအပါအဝင် (၄၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၁၁၃) လုံး၊ စာသင်ကျောင်း (၃) ကျောင်း၊ ဘုန်းကြီးကျောင်း (၂) ကျောင်း၊ ကျောင်းဆောင် (၆)ဆောင်နဲ့ အဆောက်အဦး (၄) ခု ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLAစာရင်းအရသိရပါတယ်။




Comments