top of page

မိုးကုတ်မြို့ပြန်ရရေး စစ်အုပ်စုအပြင်းအထန်ထိုးစစ်ဆင်နေတာကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်နေ

  • Writer: BVJ
    BVJ
  • Oct 14
  • 1 min read

မိုနာ/BVJ_အောက်တိုဘာ ၁၄၊ ၂၀၂၅

မိုးကုတ်မြို့အတွင်းဝင်ရောက်လာတဲ့ TNLAပူးပေါင်းတပ်များကို ၂၀၂၄၊ ဇူလိုင် ၂၄ရက်ကမြင်တွေ့ရပုံ(ဓါတ်ပုံ-Mai A Hein)
မိုးကုတ်မြို့အတွင်းဝင်ရောက်လာတဲ့ TNLAပူးပေါင်းတပ်များကို ၂၀၂၄၊ ဇူလိုင် ၂၄ရက်ကမြင်တွေ့ရပုံ(ဓါတ်ပုံ-Mai A Hein)

မန္တလေး-မိုးကုတ်ကားလမ်း၊ သပိတ်ကျင်းမြို့နယ်ထဲက ဖော့တောလမ်းဆုံမှာ စစ်အုပ်စုနဲ့တော်လှန်ရေးပူးပေါင်းတပ်တွေ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

 

စစ်အုပ်စုဟာ မိုးကုတ်မြို့ကိုပြန်လည်ရရှိရေးအတွက် လေကြောင်း၊ဒရုန်းပစ်ခတ်မှုတွေနဲ့ စစ်ကြောင်းထိုးတိုက်ခိုက်နေတာကြောင့် တအာင်းတပ်မတော်-TNLA၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLAနဲ့ PDFတပ်တွေကခံစစ်နဲ့ ကာကွယ်နေရတာဖြစ်တယ်လို့လည်း တော်လှန်‌ရေးတပ်ဖွဲ့တွေနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

 

“ဖော့တောဘက်မှာ တဖက်တဝက်ဆီရပြီးပြင်းနေတယ်။ PLAလဲပါဝင်တိုက်ခိုက်နေတယ် သိရတယ်။ Y12နဲ့ရော ဒရုန်းနဲ့ရောဗုံးတွေကြဲနေတယ်”

 

ဖော့တောလမ်းဆုံမှာတိုက်ပွဲပြင်းထန်နေတာကြောင့် မန္တလေး-မိုးကုတ် ကားလမ်းသွားလာခွင့်ကို စစ်အုပ်စုဘက်ကပိတ်ထားတယ်လို့လည်း သိရပါတယ်။

 

ဖော့တောလမ်းဆုံဟာ မိုးကုတ်မြို့နဲ့ ၄၄မိုင်ခန့်ကွာဝေးပြီး မန္တလေး-မိုးကုတ်လမ်းနဲ့ မန္တလေး-စဉ့်ကူး-သပိတ်ကျင်း-ထီးချိုင့်-ဗန်းမော်လမ်းပေါ်မှာတည်ရှိတာကြောင့် အချက်အချာကျတဲ့နေရာဖြစ်ပါတယ်။

 

နောက်ထပ် စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း “လောလောဆယ်တော့ တော်လှန်ရေးတပ်တွေက ခုနှစ်မိုင်ကနေဆုတ်ပြီး ဒီဘက်မှာဆက်ကာကွယ်နေတယ်။ ဝါးဖြူတောင်ဘက်ကိုရောက်လာတဲ့ စစ်အုပ်စုရဲ့ထိုးစစ်ကိုဆက်ခုခံနေတယ်ပေါ့။ စစ်တပ်ဘက်က လေကြောင်းရော စစ်ကြောင်းရောချနေတာဆိုတော့ တိုက်ပွဲကတော့ပြင်းထန်နေတယ်”

 

PDFတွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းကို ဇူလိုင်လအတွင်းက ပြန်လည်တိုက်ခိုက်သိမ်းယူနိုင်ခဲ့တဲ့စစ်အုပ်စုဟာ မန္တလေး-မိုးကုတ်လမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့အတွက် အပြင်းအထန်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

 

မိုးကုတ်မြို့ကို TNLAနဲ့မဟာမိတ်တွေက ၁၀၂၇စစ်ဆင်ရေးဒုတိယပိုင်းမှာထိုးစစ်ဆင်ပြီး အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ပြီးခဲ့တဲ့ ၂၀၂၄၊ ဇူလိုင် ၂၄ရက်မှာ TNLAကကြေညာခဲ့ပြီး လက်ရှိအချိန်ထိ TNLAရဲ့အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတာဖြစ်ပါတယ်။

 


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page