လွတ်ရက်စေ့သွားတဲ့ မမိုးဆန်းစုကြည်ကို နောက်အမှုဖွင့် ထပ်မံဖမ်းဆီးသွား
- BVJ

- Aug 8
- 1 min read
မိုနာ/BVJ_ သြဂုတ် ၈၊ ၂၀၂၅

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သမီးဖြစ်သူ NLDဗဟိုလူငယ်တာဝန်ခံ မမိုးဆန်းစုကြည်ကို မနေ့ကလွတ်ရက်စေ့တဲ့အချိန်မှာ စစ်ကောင်စီကပြန်လည်ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူဆီက သိရပါတယ်။
မမိုးဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ်၊ မေလ ၉ ရက်က ရန်ကုန်မြို့မှာအဖမ်းခံလိုက်ရပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-(က) ၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)တို့နဲ့ ထောင် ၆နှစ် ချခံထားရတာဖြစ်ပါတယ်။
ချမှတ်ခံထားရတဲ့ ထောင် ၆နှစ်ဟာ လျော့ရက်တွေနဲ့မနေ့ကလွတ်ရက်စေ့ခဲ့ပေမယ့် အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)နဲ့ စစ်ကောင်စီက ထပ်မံအမှုဖွင့်ဖမ်းဆီးလိုက်တာပါ။
“ရှေ့အမှုတွေက မနေ့ကလွတ်ရက်စေ့ပြီကို မလွှတ်ဘဲနဲ့ပြန်ပြီးတော့ဆွဲတာ။ ထောင်ထဲအထိ ကားနဲ့မြို့နယ်မှူးကဝင်ပြီးတော့ခေါ်ပြီးတော့ အဲ့ဒီသာယာဝတီရဲစခန်းကပဲ ပြန်ဆွဲတာတဲ့ ၅၂(က)နဲ့။ မိသားစုနဲ့လည်းတွေ့တယ်”လို့ မမိုးဆန်းစုကြည်မိသားစုနဲ့ရင်းနီးသူက Burma VJကို ပြောပါတယ်။
မမိုးဆန်းစုကြည်ကို သာယာဝတီမြို့နယ်မှူးကခေါ်ယူစစ်ဆေးခဲ့ပြီး လက်ရှိမှာသာယာဝတီထောင်မှာပဲ ပြန်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
မမိုးဆန်းစုကြည်ကို စစ်ကောင်စီက အင်းစိန်ထောင်ကနေ သာယာဝတီထောင်ကို ပြောင်းရွှေ့ထားတာလည်းဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးချိန်မှာ ဖခင်ဖြစ်သူ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကိုလည်း ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ(၅၅)တို့နဲ့ ထောင်ဒဏ် ၉ နှစ်ချမှတ်ထားတာဖြစ်ပါတယ်။







Comments