စစ်အုပ်စုဝင်လာတော့မယ်လို့သတင်းထွက်နေတဲ့ မိုးကုတ်မြို့အခြေအနေ
- BVJ

- 6 days ago
- 1 min read
BVJ/ဂျိုး_နိုဝင်ဘာ ၁၉၊ ၂၀၂၅

တရုတ်ကြားဝင်စေ့စပ်မှုကြောင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ တအာင်းလွတ်မြောက်ရေးတပ်မတော်-TNLA အနေနဲ့ ပတ္တမြားမြေဖြစ်တဲ့ မိုးကုတ်မြို့ကနေ ဆုတ်ခွာပေးရဖို့ရှိနေပါတယ်။
TNLAအနေနဲ့မိုးကုတ်မြို့ပေါ်ကမဆုတ်ခွာခင် စစ်အုပ်စုကိုမြို့တွင်းတာဝန်ယူခေါ်သွင်းပြီး ထားခဲ့ရမယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့် ဒေသခံတွေအနေနဲ့ ဒီပေါ်မှာစိုးရိမ်မှုတွေရှိနေကြပါတယ်။
“လက်ရှိမှာဘာတွေစိုးရိမ်နေရလဲဆိုရင် TNLAတွေက စကစကိုမြို့ထဲခေါ်၀င်လာပြီးရင် ကျောက်မဲနဲ့သီပေါလိုမျိုး PDFနဲ့ဆက်နွယ်တယ်ပြောပြီး ဖမ်းမယ်။ ရပ်ထဲရွာထဲမှာလည်း စကစ ရဲ့လူတွေရှိတယ်လေ သူတို့တွေအာချောင်ပြီးတော့ပြောလိုက်ရင် မဆိုင်တဲ့သူတွေကအလကားနာတော့မှာ”လို့ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး မိုးကုတ်ဒေသခံတစ်ဦးက Burma VJကိုပြောပါတယ်။
လက်ရှိမှာတော့ စစ်အုပ်စုကိုမြို့ထဲဝင်လာတော့မယ်ဆိုတဲ့သတင်းတွေသာ ထွက်ပေါ်နေတာကြောင့် မိုးကုတ်ဒေသခံအချို့ဟာ မြို့ကိုစွန့်ခွာပြီးထွက်ပြေးတိမ်းရှောင်နေမှုတွေလည်းရှိလာပါတယ်။
“မြို့ထဲကလူတွေတော်တော်များများတော့ပြေးကြတယ်။ဘယ်လိုလူတွေလဲဆိုရင်မွေးခါနီး ကိုယ်၀န်သည်တွေ၊ အသက်ကြီးရွယ်အိုရှိတဲ့သူတွေ၊ လေဖြတ်ပြီးမပြေးနိုင်တဲ့သူတွေ၊ နှလုံးရောဂါရှိတဲ့သူတွေ၊ ကလေးငယ်လေးတွေ ရှိတဲ့သူတွေ ။ အဓိကကလေယာဉ်နဲ့ လာကြဲမှာကို မခံနိုင်တဲ့သူတွေ။ အာ့လိုလူတွေဘဲပြေးကြတာများတယ် ကျန်တာတွေတော့ရှိနေပါတယ်”လို့ ဒေသခံကပြောပါတယ်။
ကျန်ခဲ့တဲ့သူအများစုဟာ မိုးကုတ်မြို့တွင်းကကျောက်ကုန်သည်တွေနဲ့ စီးပွားရေးလုပ်ငန်းရှိတွေသာ ဖြစ်တယ်လို့လည်း သိရပါတယ်။

မိုးကုတ်မြို့တွင်းကို TNLAတပ်ဖွဲ့ကိုယ်တိုင်စစ်အုပ်စုကို ဒီနိုဝင်ဘာလကုန်ပိုင်းမှာခေါ်သွင်းလာမယ်ဆိုတဲ့ သတင်းတွေဟာကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာကြောင့် ဒါနဲ့ပတ်သက်ပြီးအတည်ပြုနိုင်ဖို့အတွက် TNLAပြောရေးဆိုခွင့်ရှိသူလွေးယေဦးကို Burma VJကဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုတာမျိုးမရှိသေးပါဘူး။
မိုးကုတ်မြို့ကို ပြီးခဲတဲ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း TNLAနဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေက သိမ်းယူခဲ့တာပါ။ မိုးကုတ်မြို့ကို TNLAကပြန်လွှဲပြောင်းပေးရပေမယ့် မြို့သိမ်းတိုက်ပွဲအတွင်းပါဝင်ခဲ့တဲ့ မန္တလေးPDF၊ မိုးကုတ်ဗျူဟာအပါအဝင် NUGရဲ့PDFတပ်ရင်းတပ်ဖွဲ့တွေကတော့ မိုးကုတ်မြို့ကိုကာကွယ်သွားဖို့ဆက်ရှိနေမယ်လို့ တရားဝင်ထုတ်ပြန်ကြေညာထားကြပါတယ်။
တရုတ်ရဲ့ကြားဝင်ညှိနှိုင်းပေးမှုနဲ့ TNLAနဲ့ အာဏာသိမ်းစစ်အုပ်ဟာ တရုတ်နိုင်ငံ၊ကူမင်းမြို့မှာ ၉ကြိမ်မြောက်တွေ့ဆုံဆွေးနွေးကာအပစ်ရပ်ဖို့သဘောတူလိုက်ပြီး မိုးကုတ်နဲ့မိုးမိတ်က TNLAတပ်တွေပြန်ဆုတ်ခွာပေးရမယ်ဆိုတဲ့သဘောတူညီချက်ယူခဲ့ကြောင်း TNLAက ပြီးခဲ့တဲ့လ အောက်တိုဘာ ၂၉ရက်မှာကြေညာခဲ့တာပါ။







Comments