မိုးကုတ်က ဘုန်းကြီးကျောင်းဗုံးကြဲခံရမှုအတွင်း ကလေးငယ်တွေအပါအဝင် ၈ ဦး သေဆုံး
- BVJ

- Aug 15
- 1 min read
BVJ/ဇော်_ ဩဂုတ် ၁၅၊ ၂၀၂၅

တအာင်းတပ်မတော်-TNLAရဲ့ တပ်မဟာ (၄) နယ်မြေဖြစ်တဲ့ မိုးကုတ်မြို့အရှေ့ပိုင်း၊ ရွှေကူရပ်ကွက်က လင်းရောင်ခြည်ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က မနေ့ကညပိုင်း ၈နာရီခွဲအချိန်မှာ လေကြောင်းတိုက်ခိုက်ခဲ့ကြောင့် ပြည်သူ (၈) ဦးသေဆုံးပြီး (၇) ဦး ဒဏ်ရာရခဲ့တယ်လို့ PSLF/TNLA က ဒီနေ့မနက်မှာ ထုတ်ပြန်ပါတယ်။
ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀) ဗုံးတစ်လုံး ကြဲချခဲ့တာကြောင့် ပြည်သူသေဆုံးထိခိုက်မှုများပြီး နေအိမ် (၇) လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
PSLF/TNLA ကထုတ်ပြန်ထားတဲ့ဓါတ်ပုံတွေထဲမှာ ဗုံးကြဲခံရမှုအတွင်း သေဆုံးသူတွေထဲမှာ ကလေးငယ်လေးတွေလည်းပါဝင်နေတာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၉ ရက်နေ့ကလည်း မိုးကုတ်မြို့အရှေ့ပိုင်း၊ ကျောက်နဂါးဘုန်းကြီးကျောင်းကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာတစ်ပါးအပါအဝင် (၅) ဦးသေဆုံးပြီး (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
အခုလအတွင်းမှာ မိုးကုတ်မြို့၊ ကျောက်မဲမြို့နဲ့ သီပေါမြို့တို့ကို စစ်ကောင်စီတပ်က စုစုပေါင်း (၅) ကြိမ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေး (၃) ဦး၊ သံဃာတော် (၂) ပါး၊ အမျိုးသမီး(၁) ဦးနဲ့ အမျိုးသား (၁၁) ဦး သေဆုံးခဲ့ရပြီး သံဃာတော် (၁) ပါး၊ အမျိုးသမီး (၅) ဦးနဲ့ အမျိုးသား (၁၄) ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် စာသင်ကျောင်း (၁) ကျောင်း၊ နေအိမ် (၂၆) အိမ်၊ ကား (၄) စီး၊ ဆိုင်ကယ် (၃) စီးထိခိုက်ပျက်စီးခဲ့တယ်လို့လည်း တအာင်းပြည်သတင်းဌာနက ဖော်ပြထားပါသေးတယ်။







Comments