MODလက်အောက်ဝင်ဖို့လျှောက်တဲ့ တပ်ရင်းများစွာရှိနေဟု NUGပြော
- BVJ

- Mar 4, 2025
- 1 min read
BVJ/မိုနာ_ မတ် ၄ ၊ ၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန-MODအောက်ကနေ နုတ်ထွက်တဲ့တပ်ရင်းတွေရှိနေသလို MODလက်အောက်ဝင်ဖို့လျောက်ထားတဲ့ တပ်ရင်းတွေလည်းရှိနေတယ်လို့ NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဒီနေ့မှာ ပြောပါတယ်။
MOD အနေနဲ့ တနိုင်ငံလုံးလွတ်မြောက်ရေးအတွက် လိုအပ်ချက်အရ တပ်ပြောင်းတပ်ရွှေ့ပြုလုပ်ရတာတွေရှိသလို စစ်ရေးဖော်ဆောင်မှုအခြေအနေပေါ်လိုက်ပြီး လက်နက်တပ်ဆင်မှုတွေကိုလည်း ဆောင်ရွက်ရတာဖြစ်ကြောင်း “ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ်မှာ ဦးနေဘုန်းလတ်က ပြောပါတယ်။
“ဒီလိုအခြေအနေမျိုးအပေါ် လိုက်ပါဆောင်ရွက်နိုင်ခြင်း မရှိလို့ဖြစ်စေ အခြားသောအကြောင်းအမျိုးမျိုးကြောင့် ဖြစ်စေ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ Chain of Commend အောက်ကနေ နှုတ်ထွက်သွားတဲ့ တပ်ရင်းအချို့ရှိနေပါတယ်။ ဒီလိုပဲ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ Chain of Commend အောက်မှာ စစ်သည်တော်ကျင့်ဝတ် Code of Conductတွေနဲ့အညီ တာဝန်ကျေပွန်စွာထမ်းဆောင်လျက်ရှိတဲ့ တပ်ရင်းများစွာရှိနေသလို ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကွပ်ကဲမှုအောက်ကို ဝင်ရောက်လိုတဲ့အတွက် တပ်ရင်းလျောက်ထားမှုတွေလည်း များစွာရှိနေတယ်ဆိုတာကို အသိပေးပြောကြားလိုပါတယ်”
MODဝင်ဖို့လျောက်ထားတဲ့တပ်ရင်းတွေနဲ့ပတ်သက်ပြီး ထည့်သွင်းပြောဆိုတာမျိုးတော့ မရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့လပိုင်းအတွင်းမှာ NUG MODအောက်ကနေ နုတ်ထွက်ခဲ့တဲ့တပ်ရင်း အနည်းဆုံး (၅)ခုအထိရှိခဲ့ပြီး အဲ့ဒီထဲမှာ ရှမ်း၊ ကရင်နီနယ်စပ်က ရှမ်းတောင်တပ်ရင်းနှစ်ခုဖြစ်တဲ့ အမှတ် (၁၀၀၅) တပ်ရင်း (SSPDF)နဲ့ အမှတ် (၁၀၀၈) တပ်ရင်း (SSRY)၊ ဂဠုန်စစ်ကြောင်း၊ ကျားဖြူစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ဂန့်ဂေါတပ်ရင်း(ယောဒေသ)တို့လည်း ပါဝင်ပါတယ်။
နုတ်ထွက်ခဲ့တဲ့တပ်ရင်းတွေဟာ MODမှာ (၂)နှစ်ကျော် သုံးနှစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ရင်းတွေဖြစ်ကြပါတယ်။




Comments