စစ်သုံ့ပန်း ၁၆ ယောက်ကို PDFအဖြစ် NUGခွင့်ပြု

မိုနာ/BVJ_အောက်တိုဘာ ၂၀၊၂၀၂၆

ဖမ်းဆီးထားတဲ့စစ်သုံ့ပန်းတွေထဲက ပြည်သူ့ကာကွယ်ရေးတပ်မတော်သား-PDFအဖြစ်ခံယူလိုသူ ၁၆ ဦးကိုခွင့်ပြုလိုက်တယ်လို့ NUGရဲ့ကာကွယ်ရေးဝန်ကြီးဌာနက မနေ့က အောက်တိုဘာ ၁၉ရက်ညပိုင်းမှာထုတ်ပြန်ပါတယ်။
အဲ့ဒီ ၁၆ဦးဟာ ပေးအပ်တဲ့တာဝန်တွေကို သစ္စာရှိစွာထမ်းဆောင်ခြင်း၊ တာဝန်ကျေပွန်ခြင်း၊ တော်လှန်ရေးတိုက်ပွဲတွေမှာ ပါဝင်ခြင်း၊ စစ်ရာဇဝတ်မှုကင်းရှင်းခြင်းတို့အတွက် စစ်သုံ့ပန်းစာရင်းကနေပယ်ဖျက်ပြီး သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် ခံယူခွင့်ပြုလိုက်တာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။
သူတို့ဟာ အထူးတိုင်းစစ်ဌာန၊ သုံ့ပန်းစခန်းမှာ စစ်ဘက်ဆိုင်ရာကျင့်ဝတ်နဲ့အညီထိန်းသိမ်းထားသူတွေဖြစ်ပြီး တာဝန်တွေကိုလည်းကျေပွန်စွာထမ်းဆောင်ခဲ့ကြသလို သူတို့ကိုသက်ဆိုင်ရာတာဝန်ရှိသူတွေကလည်း ထောက်ခံမှုနဲ့အဆိုပြုခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
NUGကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ စစ်သုံ့ပန်းတွေကို စစ်ဥပဒေ၊ စစ်ဘက်ဆိုင်ရာကျင့်ဝတ်နဲ့အညီ စနစ်တကျထိန်းသိမ်းထားရှိကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့လ စက်တင်ဘာ ၂၄ရက်၊မနက် ၁၁နာရီအချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊အထူးတိုင်းစစ်ဌာနရဲ့ ဆက်သွယ်ရေးစခန်းလေကြောင်းဗုံးကြဲခံရပြီး CDMတပ်ကြပ်ကြီးနေဝင်းအောင်နဲ့ တိုင်းစစ်ဌာနလုံခြုံရေးတပ်ဖွဲ့ဝင် ရဲဘော်(၂)ဦး၊ ဆက်သွယ်ရေး ရဲဘော်(၂)ဦးကျဆုံးခဲ့မှု ဖြစ်ပွားခဲ့ပါသေးတယ်။ အဲ့ဒီလေကြောင်းတိုက်ခိုက်မှုဟာ တပ်ပြေး/နှုတ်ထွက်ရဲဘော်တွေနဲ့ ရန်သူ့ဘက်ပြောင်းခိုလှုံသွားသူတွေရဲ့ သတင်းပေးထွက်ဆိုချက်တွေကြောင့်ဖြစ်တယ်လို့ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ခဲ့ပါတယ်။




Comments