NUG၊မန္တလေးတိုင်း ပကဖ တာဝန်ခံကိုဝဏ္ဏအောင် သေဒဏ်ချမှတ်ခံရ

အီးကေ/BVJ_ အောက်တိုဘာ ၁၅၊ ၂၀၂၆

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ မန္တလေးတိုင်း၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တာဝန်ခံ ကိုဝဏ္ဏအောင် (ခေါ်) ကိုဏကြီးကို အာဏာသိမ်းစစ်အုပ်စုက သေဒဏ်အမိန့်ချမှတ်လိုက်တယ်လို့သိရပါတယ်။
ကိုဏကြီးကို မန္တလေးအိုးဘိုအကျဉ်းထောင် ထောင်တွင်းတရားရုံးကနေ အောက်တိုဘာ ၁၄ ရက်နေ့မှာ သေဒဏ်အမိန့်ချခဲ့တာ ဖြစ်ပါတယ်။
ကိုဏကြီး မဖမ်းဆီးခံရခင်တစ်ရက်အလို ဇွန်လ ၂၃ ရက်နေ့တုန်းက ကျိုင်းတုံမြို့အနီး စစ်ဆေးရေးဂိတ်တစ်ခုမှာ သူ့ရဲ့ ဇနီးဖြစ်သူကို စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက် ခြေရာခံလိုက်လံမှုတွေကြောင့် မိုင်းလားမြို့မှာရောက်ရှိနေတဲ့ကိုဝဏ္ဏအောင်ကို အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA)တပ်ဖွဲ့ကဖမ်းဆီးပြီး စစ်အုပ်စု တပ်လက်ထဲလွှဲပြောင်းအပ်နှံခဲ့တာလို့ နီးစပ်သူအချို့နဲ့သတင်းမီဒီယာအချို့ရဲ့ဖော်ပြချက်တွေအရ သိရပါတယ်။
ကိုဏကြီးသေဒဏ်ချမှတ်ခံရတဲ့သတင်းနဲ့ပတ်သက်ပြီး သူ့ရဲ့မိသားစုနဲ့ နီးစပ်သူတွေကို BVJကအတည်ပြုထားပေမယ့် NUGဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ကိုနေဘုန်းလတ်ကတော့ သူတို့အနေနဲ့သီးခြား အတည်ပြုလို့မရသေးကြောင်း ပြောပါတယ်။
နောက်ဆုံးရရှိထားတဲ့သတင်းတွေအရ ကိုဏကြီးကိုသေဒဏ်ချမှတ်လိုက်ပေမယ့် သူ့ရဲ့ဇနီးနဲ့သမီးငယ်တို့ကိုတော့ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း အတည်ပြုလို့ရပါတယ်။ ကိုဝဏ္ဏအောင် (ခေါ်) ကိုဏကြီးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ တံတားဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်ပါတယ်။




Comments