မြန်မာစစ်ခေါင်းဆောင်ရဲ့ခရီးစဉ်ပယ်ဖျက်ပေးဖို့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီထံ အရပ်ဘက်အဖွဲ့အစည်း၁၂၀ကျော်ကအိတ်ဖွင့်ပေးစာပေးပို့တောင်းဆို
- BVJ

- 2 days ago
- 1 min read
အေတီ/BVJ မေ ၂၉၊ ၂၀၂၆

မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အိန္ဒိယနိုင်ငံခရီးစဉ်ကိုပယ်ဖျက်ပေးဖို့ မြန်မာအရပ်ဖက်အဖွဲ့အစည်းတစ်ရာကျော်က အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီထံ အိတ်ဖွင့်ပေးစာတစ်စောင်ပေးပို့တောင်းဆိုထားပါတယ်။
မေလ၂၈ရက်နေ့ ရက်စွဲနဲ့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီထံတောင်းဆိုထားတဲ့ အရပ်ဖက်အဖွဲ့အစည်း ၁၂၂ဖွဲ့ထဲမှာ Burma Campaign UKလို ပြည်ပအခြေစိုက်အဖွဲ့အစည်းတွေ၊ ပြည်တွင်းအခြေစိုက်အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေလည်းပါဝင်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ဘဝကနေ သမ္မတအမည်ခံပြောင်းလဲထားတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ မေလ ၃၀ ရက်နေ့ကနေ ဇွန်လ၃ ရက်နေ့အထိ အိန္ဒိယနိုင်ငံကိုသွားရောက်မှာဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
မေလ ၂၆ ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ QUADထိပ်သီးအစည်းအဝေးပူးတွဲကြေညာချက်ထဲမှာ မြန်မာ့အရေးရိုက်ခတ်မှုတွေကို အသိအမှတ်ပြုထားကြောင်း၊ မြန်မာနိုင်ငံအတွင်း တရားဥပဒေစိုးမိုးမှုပျက်ပြားနေခြင်းမှာ စစ်အာဏာရှင်စနစ်ရဲ့တိုက်ရိုက်ရလဒ်ဖြစ်ပြီး စစ်အုပ်စုကိုတရားဝင်ဧည့်ခံခြင်းဟာ မြန်မာပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေကို တရားဝင်မှုပေးရာရောက်မှာဖြစ်ကြောင်း အဲ့ဒီပေးစာထဲမှာဖော်ပြထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့မတည်ငြိမ်မှုတွေဟာ အိန္ဒိယနိုင်ငံရဲ့နယ်စပ်လုံခြုံရေး၊ ကုလားတန်စီမံကိန်းနဲ့ အင်ဒို-ပစိဖိတ်မဟာဗျူဟာမြောက် အကျိုးစီးပွားတွေကိုပါခြိမ်းခြောက်နေတာကြောင့် အိန္ဒိယအစိုးရအနေနဲ့မြန်မာပြည်သူတွေနဲ့အတူအခိုင်အမာရပ်တည်ပေးဖို့ အရပ်ဖက်အဖွဲ့အစည်းပေါင်းစုံ ၁၂၂ ခုက တိုက်တွန်းနှိုးဆော်ထားပါတယ် ။
မေလ၂၈ရက်နဲ့ ၃၀ ရက်မှာ အာဏာသိိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ခရီးစဥ်ကို နယူးဒေလီမြို့မှာကန့်ကွက်ဆန္ဒပြဖို့ India For Myanmar ခွင့်ပြုချက်တောင်းခံထားပေမယ့် အိန္ဒိယအစိုးရရဲ့ ခွင့်ပြုချက်မရတဲ့အတွက်ဖျက်သိမ်းလိုက်ရတယ်လို့ သတင်းရရှိပါတယ်။




Comments