MNDAA၊ TNLAနဲ့ AAက တဖက်သတ်အပစ်ရပ် တစ်လထပ်တိုး
- BVJ

- Jun 3
- 1 min read
BVJ/မိုနာ_ ဇွန် ၃၊ ၂၀၂၅

ငလျင်နောက်ဆက်တွဲလုပ်ငန်းတွေနဲ့ဆက်စပ်ပြီး တိုက်တာအဆောက်အအုံတွေရှင်းလင်းရေးနဲ့ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့တို့အတွက်ဆိုပြီး အခုလ ၂ရက်နေ့ကနေ ၃၀ရက်အထိ တဖက်သတ်အပစ်ရပ်သက်တမ်းထပ်တိုးကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ MNDAA၊ TNLAနဲ့ AAတပ်ဖွဲ့တို့က ကြေညာပါတယ်။
မတ်လ ၂၈ရက်က စစ်ကိုင်းနဲ့မန္တလေးကိုဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်အပြီးမှာ ဧပြီနဲ့ မေလ တို့ကို တဖက်သတ်အပစ်ရပ်ကြောင်းညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်အပြီးမှာ အခုတစ်လထပ်တိုးကြောင်း မနေ့က ဇွန် ၂ရက်မှာ ထုတ်ပြန်လာတာပါ။
ငလျင်ကြီးဖြစ်ပြီး နှစ်လကြာတဲ့တိုင်အောင် အပျက်အစီးတွေကိုရှင်းလင်းဖယ်ရှားရေးလုပ်ငန်းတွေ ဆောင်ရွက်ပြီးစီးမှုမရှိသေးသလို မိုးရွာတာကြောင့် အဆောက်အအုံတွေထပ်မံပြိုကျပျက်စီးမှုတွေရှိနေ တဲ့အတွက် နောက်ဆက်တွဲအချိန်လိုအပ်တာကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်ရပ်ကာလကို ထပ်တိုးလိုက်ရတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါကြောင့် ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေမှာ မိမိကိုယ်ကိုခုခံ ကာကွယ်တုံ့ပြန်မှုကလွဲပြီး မိမိတို့ဘက်ကစတင်ထိုးစစ်ဆင်တိုက်ခိုက်တာမျိုး လုပ်မှာမဟုတ်ဘူးလို့ လည်း MNDAA၊ TNLAနဲ့ AAတို့က အသိပေးထားပါတယ်။
စစ်ကောင်စီကလည်း ငလျင်နောက်ဆက်တွဲပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့ ရွေးကောက်ပွဲမဖြစ်မနေကျင်းပရေး ကြိုတင်ပြင်ဆင်ဖို့အတွက်ဆိုပြီး အခုလ ၁ရက်ကနေ ၃၀ရက်အထိ ယာယီအပစ်ရပ်သက်တမ်းထပ်တိုးကြောင်း ထုတ်ပြန်ထားပါသေးတယ်။
အဲ့ဒီယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားတဲ့ ကာလအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တခြားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ နယ်မြေ တပ်စခန်းတွေကို မတိုက်ခိုက်ဖို့နဲ့ နယ်မြေချဲ့ထွင်ခြင်းမလုပ်ဖို့လည်း အသိပေးထားပြီး ဆောင်ရွက်ခဲ့မယ်ဆိုရင် လိုအပ်တဲ့အရေးယူတုံ့ပြန်မှုတွေ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ မေ ၃၁ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီဟာ ငလျင်ကြောင့်ဆိုပြီး ယာယီအပစ်ရပ်ထားပေမယ့် အဲ့ဒီကာလတွေအတွင်းမှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု စစ်ကြောင်းထိုးလှုပ်ရှားမှုတွေကို တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ နေ့တိုင်းနီးပါးလုပ်ဆောင်နေပြီး နှစ်ဖက်တိုက်ပွဲတွေလည်း ဖြစ်ပွားနေတာဖြစ်ပါတယ်။







Comments