MMAဖိုက်တာ ဖိုးသော်အပါအဝင် နိုင်ငံရေးအကျဥ်းသား ၇ ဦး နောက်မှုကပ်ခံရ
- BVJ

- Dec 3, 2025
- 1 min read
အေတီ/BVJ_ ဒီဇင်ဘာ ၃၊ ၂၀၂၅

အာဏာသိမ်းစစ်အုပ်စုက ၅၀၅(က)ပုဒ်မအပြင်၊၅၀၅(က)ပုဒ်မနဲ့တွဲပြီး တခြားပုဒ်မတွေနဲ့ပါထောင်ချခံထားရသူတချို့ကို နိုဝင်ဘာ၂၇ရက်နေ့ကစပြီး ဆက်တိုက်ပြန်လွှတ်ပေးနေပါတယ်။ ဒီဇင်ဘာ ၁ရက်နေ့မှာ အင်းစိန်ထောင်က အမျိုးသား၃၀၊ အမျိုးသမီး(၄)ဦး စုစုပေါင်း ၃၄ ဦးလွတ်မြောက်လာတယ်လို့သိရပြီး အဲ့ဒီအမျိုးသားအယောက် ၃၀ ထဲက ၇ ဦးဟာ နောက်မှုကပ်ခံရတယ်လို့ သတင်းရရှိပါတယ်။
နောက်မှုကပ်ခံရတဲ့ ၇ ဦးထဲမှာ MMAဖိုက်တာ One Championship ပြိုင်ပွဲဝင်ဖိုးသော် (အမည်ရင်း သော်ထူးနိုင်)လည်းပါဝင်တယ်လို့ ဒီဇင်ဘာ ၁ရက်နေ့ကလွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဥ်းသားတစ်ဦးရဲ့မိသားစုဝင်တစ်ဦးက Burma VJ ကိုအတည်ပြုပါတယ်။
MMA ဖိုက်တာဖိုးသော်ကို ပုဒ်မ-၅၁နဲ့ နောက်မှုကပ်ထားတယ်ဆိုတာအတည်ပြုနိုင်ပေမယ့် ကျန်တဲ့ ၆ယောက်ကိုတော့ ဘယ်လိုပုဒ်မတွေနဲ့ထပ်ကပ်ထားလဲဆိုတာသိနိုင်ဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။
အင်းစိန်ထောင်တွင်းကနေ ဖိုးသော်ပို့လိုက်တဲ့စာတစ်စောင်ကို One Championshipပြိုင်ပွဲက နာမည်ကြီးကစားသမား အောင်လအန်ဆန်းက အောက်တိုဘာ၂ရက်နေ့မှာ သူ့ရဲ့ဖေ့စ်ဘုခ်စာမျက်နှာမှာဖော်ပြခဲ့ပါတယ်။

ဖိုးသော်ရေးလိုက်တဲ့စာထဲမှာ ဆွီဒင်ဖိုက်တာ ကာဒတ်စတန်နဲ့ထိုးမယ့် အောင်လအန်ဆန်းရဲ့ပွဲကို ထောင်ထဲကနေအားပေးနေမယ့်အကြောင်း နောက်လအနည်းငယ်အကြာရင် သူလည်းထောင်ကပြန်လွတ်တော့မယ်ဆိုတဲ့ အကြောင်း၊ ဘယ်လိုအကြောင်းရှိရှိ သူ့ရဲ့ကစားသမားဘဝကိုစွန့်လွှတ်မှာ မဟုတ်တဲ့အကြောင်း၊ အောင်လအန်ဆန်းနဲ့လည်း မကြာခင်ပြန်တွေ့ရမယ်လို့မျှော်လင့်တဲ့အကြောင်း၊ ထောင်ကပြန်လွှတ်လာရင် ကြိုးဝိုင်းထဲပြန်ဝင်ဖို့ ကြိုးစားမှာဖြစ်တဲ့အကြောင်းတွေကို ရေးထားတာတွေ့ရပါတယ်။
အဲ့ဒီစာထဲမှာရေးသားမှုတွေအရ မကြာခင်လပိုင်းအတွင်းမှာ သူထောင်ကပြန်လွတ်တော့မယ်လို့ ဖိုးသော်ကမျှော်လင့်ချက်ထားထားတာတွေ့ရပါတယ်။
ဒါပေမယ့် ဒီဇင်ဘာ၁ရက်နေ့မှာ ပုဒ်မ-၅၁ ထပ်ကပ်ခံလိုက်ရတဲ့အတွက် အဲ့ဒီမျှော်လင့်ချက်ပျက်သလိုဖြစ်သွားတဲ့ သဘောဖြစ်နေပါတယ်။ ၂၀၁၄ခုနှစ်က သမ္မတဦးသိန်းစိန်လက်ထဲမှာပြဌာန်းခဲ့တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၁ဟာ ပြစ်မှုထင်ရှားရင် အနည်းဆုံး ထောင် ၅ နှစ်ကနေ အများဆုံး ထောင် ၁၀ နှစ်အထိ ချမှတ်နိုင်တဲ့ပုဒ်မဖြစ်ပါတယ်။

ဖိုးသော်ဟာ ထင်ရှားတဲ့ MMA ဖိုက်တာတစ်ယောက်ဖြစ်ပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ ၂၀၂၁ခုနှစ် မေလ ၅ရက်က ဗဟန်းမြို့နယ်၊ ဗိုလ်ချုပ်ပန်းခြံအနီးရှိ Team PT အားကစားခန်းမပေါက်ကွဲမှုမှာဒဏ်ရာရသွားတဲ့အတွက် ဆေးရုံမှာဆေးကုသမှုခံယူနေရင်း ဖမ်းဆီးထောင်ချခံခဲ့ရတာဖြစ်ပါတယ်။







Comments