CDMဆရာဝန်အမျိုးသမီးကို မင်းကင်းပလဖ ဖမ်းဆီး
- BVJ

- Dec 1, 2025
- 1 min read
မိုနာ/BVJ_ဒီဇင်ဘာ ၁၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ကလေးခရိုင် မင်းကင်းမြို့နယ်မှာ CDM ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာဒေါ်ခင်သူသူလွင်ကို မနေ့က နိုဝင်ဘာလ ၃၀ရက်မှာ NUGလက်အောက်ခံ မင်းကင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)က အကြမ်းဖက်ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဖမ်းဆီးခံရသူဟာ ဒေါက်တာဒေါ်ခင်သူသူလွင်ဟာ အသက် ၅၀အရွယ်ခန့်ရှိပြီး ဘာကြောင့်ဖမ်းဆီးခံရလဲဆိုတာသေချာမသိရသေးပါဘူး။
ဒေါက်တာခင်သူသူလွင်ဖမ်းဆီးခံရတဲ့ ရုပ်သံဖိုင်ဟာ လူမှုကွန်ရက်မှာပျံ့နှံ့လာပြီး အဲ့ဒီထဲမှာ ဒေါက်တာခင်သူသူလွင်က ဖမ်းဆီးမှုကိုရှောင်တိမ်းနေရင်း “ဆရာမကိုမဖမ်းကြပါနဲ့။ ဆရာမကြီးကိုသနားပါ ဆရာမကြီး ၅၀၅(က)နဲ့အဖမ်းခံရမှာစိုးလို့ နေစရာမရှိလို့ ဒီကိုပြေးလာတာပါ။ ငါ့ကိုမထိနဲ့”ဆိုပြီး တောင်းပန်သံကိုလည်း ကြားရပါတယ်။
အဲ့ဒီနောက် သေနတ်လွယ်ထားတဲ့ မင်းကင်းပလဖအဖွဲ့ဝင်တွေက ဒေါက်တာခင်သူသူလွင်ကို အကြမ်းဖက်ဖမ်းဆီးတာကြောင့် ဘေးကနေဝင်တားသူတွေလည်းရှိနေသလို ဒေါက်တာခင်သူသူလွင်ကလည်း ဖမ်းဆီးမှုကိုအကြောက်အကန်ရုန်းကန်နေတာကို တွေ့ရပါတယ်။

ဒီဖမ်းဆီးမှုမှာ အမျိုးသမီးတစ်ဦးမှမပါဝင်ဘဲ အမျိုးသားတွေကသာ အမျိုးသမီးတစ်ဦးကိုလာဖမ်းဆီးတာ၊ အင်အားနဲ့ချုပ်ကိုင်ပြီး အတင်းလက်ထိပ်ခတ် အကြမ်းဖက်ဖမ်းဆီးတာတွေကြောင့် ဝေဖန်မှုတွေလည်းရှိနေပါတယ်။
ဒီဖမ်းဆီးမှုနဲ့ပတ်သက်ပြီး မင်းကင်းပလဖ၊ပအဖတွေဘက်က အသိပေးထုတ်ပြန်တာမျိုးမတွေ့ရသေးပါဘူး။
ဒေါက်တာခင်သူသူလွင်ဟာ မင်းကင်းမြို့နယ်ဆေးရုံမှာတာဝန်ထမ်းဆောင်နေရာကနေ CDMလုပ်ထားသူဖြစ်ပြီး လက်ရှိမှာလည်း Chindwin Medical Humanitarian Networkအဖွဲ့နဲ့အတူ တော်လှန်ရေးအဖွဲ့တွေကိုဆေးကုသစောင့်ရှောက်မှုတွေ လုပ်ပေးနေတယ်လို့ သိရပါတယ်။







Comments