မင်းလှမြို့နယ်ထဲ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မကွေးပကဖအထူးလှုပ်ရှားတပ်က ကြားဖြတ်တိုက်ခိုက်
- BVJ

- May 30
- 1 min read
BVJ/ဇော် _ မေ ၃၀ ၊ ၂၀၂၅

မကွေးတိုင်း မင်းလှမြို့နယ် လင်းကယ်တိုက်နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) အထူးလှုပ်ရှားတပ် (United States Of Burma Army – USBA) က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မနေ့ မေလ ၂၉ ရက်နေ့ ညနေပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
အထက်မင်းလှမြို့နယ် လင်းကယ်တိုက်နယ်ထဲကို စစ်ကောင်စီ အမှတ် ၂ နဲ့ ၁၀ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ၊ လင်းကယ်ရဲစခန်းတို့က ထုတ်နုတ်အင်အား ၈၀ ဝန်းကျင်နဲ့ အခု မေလ ၂၀ ရက်နေ့မှာ ဝင်ရောက်လာတာဖြစ်ပြီး ကျေးရွာတွေအတွင်း ဝင်ရောက်ချိန် ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ကနဦးလုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
“လင်းကယ်တိုက်နယ်ထဲကို သူတို့ပဲ ပစ်ခတ်သွားတာ။ အဲ့မှာတုန်းက ကျွန်တော်တို့နဲ့ ထိတွေ့မှုမဖြစ်လိုက်ဘူး။ သူတို့ စစ်ကြောင်းထိုးဝင်ရောက်ပစ်ခတ်ပြီး သူတို့ ကပစ ၁၀ ထဲကို ပြန်ဝင်သွားတယ်”လို့ USBA တပ်ဖွဲ့ တာဝန်ခံတစ်ဦးက Burma VJ ကို ပြောပါတယ်။
စစ်ကောင်စီ ကပစ ၂ ဟာ အထက်မင်းလှမြို့နယ် မလွန်မြို့အနောက်ဘက်မှာရှိပြီး ကပစ ၁၀ ကတော့ ကုန်းကြီးကျေးရွာမှာ ရှိနေတာလည်း ဖြစ်ပါတယ်။ စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ လင်းကယ်ရွာနဲ့ ကပစ ၁၀ ရှိရာ ကုန်းကြီးရွာ ၂၄ မိုင်နီးပါရှိပြီး ကားလမ်းခရီး ၁ နာရီခန့်သာ ကွာဝေးပါတယ်။
မေ ၂၃ ရက်မှာလည်း သရက်မြို့နယ် ထီးရိုးကျေးရွာကနေတဆင့် မင်းလှမြို့နယ် အရှေ့ခြမ်း ကျေးရွာတွေထဲက စစ်ကောင်စီ ကပစ ၁၂ က ထုတ်နုတ်အင်အား ၅၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးထပ်မံဝင်ရောက်ပြီး မင်းတုန်းမြို့နယ် ကျွဲခြံရွာမှာ ညအိပ်စခန်းချခဲ့တယ်လို့လည်း သိရပါတယ်။
မင်းတုန်းမြို့နယ် ကျွဲခြံမှာရှိတဲ့ စစ်ကောင်စီ ကပစ ၁၂ တပ်ဖွဲ့ကို မကွေး ပကဖ အထူးလှုပ်ရှားတပ်ဖွဲ့က မေ ၂၃ ရက်မှာ ၂ ကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့သလို မေ ၂၅ ရက်ကလည်း ရွာသာယာကျေးရွာ ထပ်မံထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးလို့ သိရပါတယ်။
နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ သိရပေမဲ့ အရေအတွက်ကိုတော့ အတည်ပြုနိုင်ခဲ့တာမျိုးမရှိဘူးလို့ USBA တပ်ဖွဲ့ တာဝန်ခံကလည်းက ပြောပါတယ်။ ကျွဲခြံနဲ့ ရွာသာယာကျေးရွာ ထိတွေ့တိုက်ပွဲအတွင်း USBA က ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့လည်း သိရပါတယ်။







Comments