စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် မင်းတပ်မြို့ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်
- BVJ

- Aug 4
- 1 min read
BVJ/ဇော် - ဩဂုတ် ၄ ၊ ၂၀၂၅

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့ကို စစ်ကောင်စီက မနေ့က သြဂုတ် ၃ရက်မှာ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ကြားကာလ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သိရပါတယ်။
မနက်ပိုင်းမှာတင် မင်းတပ်မြို့ကို လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့တာကြောင့် လူထိခိုက်မှုမရှိပေမယ့် အစိုးရအဆောက်အဦး (၂)လုံးနဲ့ အရပ်သားနေအိမ် (၈)လုံး ပျက်စီးခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်က မင်းတပ်မြို့နယ်အတွင်းကို အခုနှစ် ဇန်နဝါရီလကစပြီး ဇွန်လ ၁၁ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု (၁၈) ကြိမ်ပြုလုပ်ခဲ့ပြီး သေဆုံးသူ (၁၁)ဦးနဲ့ ဒဏ်ရာရသူ (၂၀) ဦးရှိကာ ဘာသာရေးနဲ့ အစိုးရဌာနအဆောက်အဦးတွေအပါအဝင် အဆောက်အဦး (၁၀၀) ကျော်ပျက်စီးခဲ့တယ်လို့လည်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ (၁၂) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မင်းတပ်မြို့ကို ချင်းဒေသကာကွယ်ရေးတပ် CDF -မင်းတပ်ပါဝင်တဲ့ ချင်းညီနောင်က ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ ၂၁ရက်မှာ သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။
စစ်ကောင်စီကနေ စစ်ကောင်မရှင်ပြောင်းလဲဖွဲ့စည်းပြီးတဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ရက်မှာတော့ ပြည်နယ်နဲ့တိုင်း ကိုးခုက ၆၃မြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး သုံးလကြေညာခဲ့ပြီး အဲ့ဒီထဲမှာ မင်းတပ်မြို့လည်းပါဝင်ပါတယ်။
စစ်ကောင်စီကစစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ ၆၃မြို့နယ်မှာ အများစုက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ စစ်ရှုံးထားရတဲ့ မြို့နယ်တွေဖြစ်ပါတယ်။
ပုံစာ-မင်းတပ်မြို့ လေကြောင်းဗုံးကြဲခံရပြီးနောက် တွေ့ရပုံ(ဓါတ်ပုံ-ကြားကာလ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့







Comments