မင်းတပ်မြို့နှစ်ရက်ဆက်ဗုံးကြဲခံရမှုအတွင်း စစ်သုံ့ပန်းအပါအဝင် လေးဦးသေဆုံး
- BVJ

- 11 hours ago
- 1 min read
BVJ_မေ ၁၃၊ ၂၀၂၆

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ကို စစ်အုပ်စုက အခု မေလ ၁၁ရက်နဲ့၁၂ရက်တို့မှာ လေကြောင်းကနေနှစ်ရက်ဆက်တိုက်ဗုံးကြဲခဲ့တာကြောင့် စစ်သုံ့ပန်းတွေအပါအဝင် သေဆုံးသူလေးဦးရှိခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA)က မနေ့ကညပိုင်းမှာအသိပေးထုတ်ပြန်ပါတယ်။
မေ ၁၁ရက် ည ၁၁နာရီ ၄၅မိနစ်ဝန်းကျင်မှာ စစ်အုပ်စုက မင်းတပ်မြို့ပေါ်တနေရာကို ဂျက်တိုက်လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်၊ မေ၁၂ရက် မနက်ရှစ်နာရီဝန်းကျင်မှာ မင်းတပ်မြို့အနီးတနေရာကို ဂျက်တိုက်လေယာဉ်နဲ့လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်၊ မနက် ၁၁နာရီဝန်းကျင်မှာ မင်းတပ်မြို့ပေါ်ကို လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်နဲ့ ညနေ ၆ နာရီ ၃၀ မိနစ်ဝန်းကျင်တို့မှာ မင်းတပ်မြို့ပေါ်ကို ဂျက်တိုက်လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ပြုလုပ်သွားတာကြောင့် နှစ်ရက်အတွင်း စုစုပေါင်းလေကြောင်းတိုက်ခိုက်မှုအကြိမ် ၁၁ကြိမ်ရှိခဲ့တာဖြစ်ပါတယ်။
အဲ့ဒီ ၁၁ကြိမ်အတွင်းမှာ စစ်သုံ့ပန်းတွေအပါအဝင် သေဆုံးသူ (၄) ဦးရှိခဲ့ပြီး အရပ်သားပြည်သူနေအိမ် (၁၅)လုံးခန့်၊ အစိုးရရုံးဌာန အဆောက်အဦ(၁၀)ခု၊ မော်တော်ယာဉ် (၄) စီး၊ အခြားပျက်စီးဆုံးရှုံးမှုတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA)ကပြောထားပါတယ်။
ဒါကြောင့် လက်ရှိမှာပြည်သူတွေအနေနဲ့ လူစုလူဝေးတွေရှောင်ရှားပြီး မိမိတို့နေအိမ်၊ ဈေးဆိုင်တွေမှာ ဗုံးခိုကျင်း၊ ကတုတ်ကျင်းတွေအဆင်သင့်ထားရှိကာ ထောက်လှမ်းရေးဒရုန်း၊ ကင်းထောက်လေယာဉ်၊ လေကြောင်းသတင်းတွေကို နားစွင့်ဖို့နဲ့ လေကြောင်းသတိထားနေထိုင်ကြဖို့ကိုလည်း သတိပေးထားပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ဟာ သူ့ရဲ့စစ်အစိုးရသစ်ရက်ပေါင်း ၁၀၀ ပြည့်မယ့် ဇူလိုင်လ ၃၁ ရက်အတွင်းမှာ PDF တွေအလင်းဝင်ကြဖို့နဲ့ NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဖိတ်ခေါ်တယ်လို့ ပြီးခဲ့တဲ့ ဧပြီ ၂၀ရက်နေ့မှာပြောဆိုပြီးနောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့တော်လှန်ရေးအဖွဲ့အစည်းတွေကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့နေရာတွေကို အင်းအားအလုံးအရင်းနဲ့ထိုးစစ်ဆင် လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်လာနေတာဖြစ်ပါတယ်။




Comments