အာဆီယံနဲ့ဆက်ဆံရေး ပြန်သုံးသပ်တော့မယ်လို့ အာဏာသိမ်းသမ္မတပြော

မိုနာ/BVJ_နိုဝင်ဘာ ၁၈၊ ၂၀၂၆

အာဆီယံနဲ့ရှေ့ဆက် ဆက်ဆံဖို့ပြန်သုံးသပ်တော့မယ်လို့ အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်က ဒီနေ့ နိုဝင်ဘာ ၁၈ရက်မှာပြောပါတယ်။
ကြက်ဥစျေးတက်တာအပါအဝင် တနိုင်ငံလုံးရဲ့ စီးပွားရေး၊ကျန်းမာရေး၊ပညာရေး၊ လွှတ်တော်နဲ့ ငြိမ်းချမ်းရေးအကြောင်းတွေကို ဒီနေ့ကျင်းပတဲ့ နေပြည်တော်က စစ်အုပ်စုရဲ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ သမ္မတအဖြစ်ခံယူထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က နှစ်နာရီကျော်ကြာမိန့်ခွန်းတက်ပြောရင်း အာဆီယံအကြောင်းပါ ထည့်သွင်းပြောခဲ့တာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းကပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးရဲ့ကြေညာချက်ကလည်း ကျိုးကြောင်းလျော်ညီမှုမရှိဘူးလို့ ဆိုပါတယ်။
အာဆီယံဖွဲ့စည်းတည်ထောင်ချိန်ကစပြီး အခု ၂၀၂၆ခုနှစ်အထိကို အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့မှာ နိုင်ငံရေးအကျပ်အတည်းနဲ့ အာဏာသိမ်းမှု၊ ရွေးကောက်ပွဲ ပဋိပက္ခတွေရှိခဲ့ပေမယ့် ဘယ်နိုင်ငံကိုမှအရေးယူခြင်းမရှိဘဲ မြန်မာနိုင်ငံကိုသာဖိအားပေး အရေးယူနေတာဖြစ်တယ်လို့လည်း အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောပါတယ်။
"အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို သိက္ခာချခြင်းမျိုးတွေ၊ ဖိအားပေးခြင်းမျိုးတွေ ကျနော်တို့တခါမှလုပ်ခဲ့တာမရှိပါဘူး။ သို့သော် မြန်မာနိုင်ငံကျတော့မှလာပြီးလုပ်တာမျိုးကို ကျနော်တို့တွေ့ပါတယ်။

ဒါ့အပြင် ၂၀၂၃ခုနှစ်မှာ မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ မိုခါမုန်တိုင်း၊ ၂၀၂၄ခုနှစ်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာနိုင်ငံအလယ်တကြောမှာဖြစ်ပွားခဲ့တဲ့ပျက်ဆီးမှုတွေ၊ ၂၀၂၅ခုနှစ် မန္တလေးငလျင်ကြီ(စစ်ကိုင်းငလျင်)တွေမှာ ထိခိုက်ပျက်ဆီးမှုတွေများခဲ့ပေမယ့် အာဆီယံ AHA centerကနေ ၃၀.၁၂၅သန်းသာအကူအညီရခဲ့တာကြောင့် ပြည်လည်ထူထောင်ရေးအတွက် စစ်အုပ်စုအနေနဲ့ အဲ့ဒီကာလမှာ နိုင်ငံခြားငွေထဲကနေ ၁.၈ဘီလီယံသုံးစွဲခဲ့ရတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ထုတ်ပြောလာပါတယ်။
အလားတူပဲ ကမ္ဘာ့ဘဏ်နဲ့အာရှဖွံ့ဖြိုးရေးဘဏ်တွေကနေလည်း ဘာအကူအညီနဲ့ဘာချေးငွေမှမရခဲ့ဘူးလို့ ပြောပါတယ်။
"ပြီးခဲ့တဲ့ရက်က ဆုံးဖြတ်ခဲ့တဲ့အာဆီယံထိပ်သီးအစည်းအဝေးကြေညာချက်ဟာ ကျိုးကြောင်းမှုမရှိဘူး။လုပ်ပိုင်ခွင့်ရှိတဲ့သူတွေ လုပ်ပိုင်ရှိတဲ့လူပုဂ္ဂိုလ်သုံး၊ လေးဦးကနေမှ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးဆန္ဒနဲ့ ဆန့်ကျင်ဆွေးနွေးနေခြင်းဖြစ်တယ်လို့ သုံးသပ်လို့ရပါတယ်။ ဒါကြောင့် ရှေ့ဆက်ပြီးအာဆီယံနဲ့ဆက်ဆံရေးမှာ ကျနော်တို့အစိုးရအနေနဲ့ ပြန်လည်သုံးသပ်သွားဖို့ ဆုံးဖြတ်ထားကြောင်းပြောလိုပါတယ်"လို့ မင်းအောင်လှိုင်ကပြောပါတယ်။
နိုဝင်ဘာ ၁၅ ရက်နေ့ကထုတ်ပြန်တဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ပူးတွဲကြေညာချက်မှာ အာဆီယံ ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်မှုတိုးတက်ချက်တွေအပေါ် မူတည်ပြီး မြန်မာနဲ့ အဆင့်လိုက်ထိတွေ့ဆက်ဆံသွားဖို့သဘောတူထားပြီး အကောင်အထည်ဖော်မှုမှာ တိုးတက်မှုမရှိသရွေ့ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးတွေမှာ မြန်မာစစ်တပ်ခန့်အစိုးရအကြီးအကဲတွေရဲ့ တက်ရောက်ခွင့်ကို ဆက်လက်ကန့်သတ်ထားမှာဖြစ်ပါတယ်။



Comments