အေအေထိန်းချုပ်မြို့ ၅ ခု လေးရက်ဆက်တိုက်ဗုံးကြဲခံရပြီး ၁၄ ဦးသေဆုံး

ယူဂရင်း/BVJ_နိုဝင်ဘာ ၁၈၊ ၂၀၂၆

အာရက္ခတပ်တော်-AAထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်အတွင်းက သံတွဲ၊ ကျောက်တော်၊စနဲနဲ့ ပုဏ္ဏားကျွန်းမြို့တွေကို စစ်တပ်ဘက်ကနေ အခုလ နိုဝင်ဘာ ၁၄ရက်ကနေ ၁၇ရက်အထိ ဆက်တိုက်လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးထိခိုက်သူများပြားခဲ့ပါတယ်။
မနေ့က နိုဝင်ဘာ ၁၇ရက်မှာ မနက် ၁၁နာရီ၃၀မိနစ်ခန့်မှာ သံတွဲမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ အရင် GTI ကျောင်းဝန်းကျင်ကို စစ်တပ်က ဂျက်တိုက်လေယာဉ် (၂) စီးနဲ့ နှစ်ကြိမ်လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူနှစ်ဦးသေဆုံးပြီး (၄) ဦးထိခိုက်ဒဏ်ရာရခဲ့သလို GTI ကျောင်းဆောင်အချို့နဲ့လူနေအိမ်အချို့ ဗုံးစထိမှန်သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော်က နိုဝင်ဘာ ၁၇ရက်ညပိုင်းမှာထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ (၁၆) ရက် ည ၁၁နာရီ၃၀မိနစ်အချိန်မှာတော့ ကျောက်တော်မြို့ပေါ်က အရင် စိုက်ပျိုးရေးသိပ္ပံကျောင်းနဲ့ အနီးဝန်းကျင်ကို ဂျက်တိုက်လေယာဉ် (၃) စီးနဲ့ တပြိုက်နက်ဗုံးကြဲခဲ့တာကြောင့် စိုက်ပျိုးရေးသိပ္ပံကျောင်းဆောင်များအားလုံးမှာ လုံးဝပျက်စီးသွားခဲ့သလို အရပ်သားပြည်သူ (၃) ဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ မနက်အစောပိုင်း ၁နာရီအချိန်မှာတော့ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာအနီးတဝိုက်ကို ဂျက်တိုက်လေယာဉ် (၅) စီး၊ Y12 (၁) စီးတို့နဲ့ တစ်နာရီနီးပါးကြာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။

နိုဝင်ဘာလ (၁၅) ရက်နေ့ ညနေ (၃) နာရီအချိန်ခန့်မှာတော့ ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ တောင်ငူစုရပ်ကွက်ကို ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတွေရဲ့ နေအိမ်အချို့ မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ရပြီး နောက်ထပ် ၁၄ရက်နေ့မှာလည်း အဲ့ဒီရပ်ကွက်ကိုပဲ စစ်သင်္ဘောတွေပေါ်ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ်အချို့မီးလောင်ပျက်စီးဆုံးရှုံးမှုရှိခဲ့ပါတယ်။
နိုဝင်ဘာ ၁၄ရက်မှာတော့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းက သူဌေးကုန်းကျေးရွာ အနီးဝန်းကျင်ကို ဂျက်တိုက်လေယာဉ် (၄) စီး၊ Y12 (၁) စီး တို့နဲ့ ည (၇) နာရီ (၅၇) မိနစ်အချိန်ကနေ (၉) နာရီ (၁၅) မိနစ်အချိန်အထိ (၁) နာရီကျော်ကြာ ပေါင် (၅၀၀)၊ (၃၀၀)၊ (၂၀၀)၊ Rocket နဲ့ Drop Bomb အပါအဝင် စုစုပေါင် ဗုံးအလုံးရေ (၅၀) နီးပါးခန့်မရပ်မနား ကြဲချတိုက်ခိုက်ခဲ့တာကြောင့် တိုက်ခိုက်မှုအတွင်း ခေတ္တ (စစ်ဘေးရှောင်)နေတဲ့ အရပ်သားပြည်သူ (၃) နှစ်အရွယ် ကလေးငယ် (၁) ဦး၊ ကိုယ်ဝန် (၅) လရှိ အမျိုးသမီး (၁) ဦးနဲ့နောက်ထပ် အမျိုးသား(၆) ဦး၊ အမျိုးသမီး (၄) ဦး စုစုပေါင်း (၁၂) ဦး သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် နောက်ထပ် အသေးစား၊ အလတ်စား၊ အကြီးစား ဒဏ်ရာတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား(၁၁)ဦးနဲ့ အမျိုးသမီး (၁၀) ဦးရှိခဲ့ပြီး လူနေအိမ်အများအပြားမှာလည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။



Comments