ကာကွယ်ရေးအမြင်ရှိသူကို စဉ်းစားရွေးချယ်မဲပေးဖို့ စစ်ခေါင်းဆောင်မှာနေ
- BVJ

- 1 day ago
- 1 min read
ယူဂရင်း/BVJ_နိုဝင်ဘာ ၂၄၊ ၂၀၂၅

လာမယ့်ရွေးကောက်ပွဲမှာပြည်သူတွေအနေနဲ့ ဆန္ဒမဲပေးကြဖို့နဲ့ မဲပေးရာမှာလည်းအဓိကအားဖြင့် တိုင်းပြည်နဲ့ဒေသအကျိုးကို စေတနာထားဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်သူ၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ကာကွယ်ရေးအမြင်ရှိသူတွေကို စဉ်းစားရွေးချယ်မဲပေးကြစေလိုတယ်ဆိုပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောနေပါတယ်။
မနေ့က နိုဝင်ဘာ ၂၃ရက်က ဧရာဝတီတိုင်း၊မအူပင်မြို့ကိုသွားရောက်ချိန်မှာ ပြောခဲ့တာဖြစ်ပါတယ်။
လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတွေလုပ်နေကြောင်းနဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေကိုလည်း ဥပဒေနဲ့အညီဖြစ်စေရေး စိစစ်ဆောင်ရွက်ပေးနေတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
အာဏာသိမ်းစစ်အုပ်စုကပြုလုပ်မယ့် ရွေးကောက်ပွဲကို ပြည်သူတွေမပူးပေါင်းမပါဝင်ဖို့နဲ့ ရတဲ့နည်းနဲ့ဆန့်ကျင်ကြဖို့ကို အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ကြေညာထားကြပါတယ်။
ဒါကြောင့် ဒီဇင်ဘာ ၂၈ရက်နေ့ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင်မှာ စစ်ခေါင်းဆောင်ကိုယ်တိုင် ရန်ကုန်အပါအဝင် ရွေးကောက်ပွဲအပိုင်း-၁ပြုလုပ်မယ့်ဒေသအချို့ကိုသွားရောက်ပြီး ပြည်သူတွေမဲပေးကြဖို့ကို စည်းရုံးဟောပြောနေတာတွေ့ရပါတယ်။
အာဏာသိမ်းစစ်အုပ်စုက ရွေးကောက်ပွဲကိုအပိုင်းသုံးပိုင်းခွဲပြုလုပ်မှာဖြစ်ပြီး လက်ရှိမှာ ဝင်ပြိုင်မယ့်လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ မဲဆွယ်စည်းရုံးရေးတွေပြုလုပ်နေကြပါတယ်။
စစ်တပ်က ဒုဗိုလ်ချုပ်ကြီးတွေအပါအဝင် ဗိုလ်ချုပ်တွေအများစုကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ-USDPကနေ အမတ်လောင်းအဖြစ်ဝင်ပြိုင်ကြမှာဖြစ်ပါတယ်။







Comments