အာဆင်နယ်သမိုင်းမှာ ထိပ်တန်းနည်းပြစာရင်းဝင်တစ်ဦးဖြစ်လာတဲ့ မစ်ခေလ် အာတီတာ
- BVJ

- 4 days ago
- 1 min read
အီးကေ/BVJ

၂၀၂၅/၂၆ဘောလုံးရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကိုဆွတ်ခူးပေးနိုင်ခဲ့တဲ့ မီခယ်လ် အာတီတာဟာ အာဆင်နယ်သမိုင်းတလျှောက် အကောင်းဆုံးနည်းပြစာရင်းဝင်တစ်ဦးဖြစ်လာခဲ့ပါတယ်။
အာဆင်နယ် အသင်းခေါင်းဆောင်ဟောင်း အာတီတာဟာ ကစားသမားဘဝကနေ မန်နေဂျာဘဝကူးပြောင်းပြီးနောက် အသင်းကိုပရီးမီးယားလိဂ်ချန်ပီယံဆု ဆွတ်ခူးပေးနိုင်ခဲ့တဲ့ ပထမဆုံးသောကစားသမားဟောင်းအဖြစ်မှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါတယ်။၂၀၁၉၊ဒီဇင်ဘာလကစပြီး အာဆင်နယ်အသင်းမန်နေဂျာအဖြစ် တာဝန်ယူခဲ့ချိန်မှစလို့ အသင်းရဲ့ကံကြမ္မာကို အကြီးအကျယ်ပြောင်းလဲပေးနိုင်ခဲ့ပြီး ၂၂နှစ်ကြာစောင့်မျှော်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပြန်လည် ရယူပေးနိုင်ခဲ့ပါတယ်။
မှတ်တမ်းဝင်အောင်မြင်မှုများ

အာတီတာ တာဝန်ယူခဲ့တဲ့ခြောက်နှစ်ခွဲတာကာလအတွင်း အာဆင်နယ်အသင်းဟာ ရာသီတိုင်းမှာယခင်ရာသီကထက် ပိုမိုကောင်းမွန်တဲ့ရလဒ်တွေရယူနိုင်ခဲ့ပါတယ်။ သူတာဝန်ယူခဲ့တဲ့ ပထမဆုံးရာသီမှာ ပရီးမီးယားလိဂိလ်အဆင့် ၈နဲ့FA ဖလားဆွတ်ခူးနိုင်ခဲ့ပြီး နောက်ရာသီမှာ အဆင့် ၅ကိုတက်လှမ်းနိုင်ခဲ့ပါတယ်။
နောက်ဆုံးသုံးရာသီဆက်တိုက် ချန်ပီယံဆုနဲ့လက်တစ်ကမ်းအလို ဒုတိယနေရာနဲ့သာကျေနပ်ခဲ့ရပေမယ့် ဇွဲကောင်းကောင်းနဲ့ဆက်လက်ကြိုးစားခဲ့မှုကြောင့် အခုနှစ်မှာတော့ ပရီးမီးယားလိဂ်ချန်ပီယံပန်းတိုင်ကိုတက်လှမ်းနိုင်ခဲ့ပါတယ်။
စံချိန်သစ်အနေနဲ့ အာတီတာဟာအသက် ၄၄ နှစ်နဲ့ ၅၄ရက်မှာ အာဆင်နယ်သမိုင်းမှာပရီးမီးယားလိဂ်ချန်ပီယံဆုဆွတ်ခူးပေးနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး နည်းပြဖြစ်လာခဲ့ပါတယ်။ ၁၉၈၈/၈၉ရာသီကချန်ပီယံဖြစ်ခဲ့တဲ့ ဂျော့ဂရေဟမ်ရဲ့ စံချိန်ကိုကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ပထမအသင်းနည်းပြနဲ့မန်နေဂျာအတွေ့အကြုံလုံးဝမရှိသေးဘဲ အာဆင်နယ်ကိုတာဝန်ယူခွင့်ရခဲ့တဲ့ အာတီတာရဲ့ အောင်မြင်မှုက အလွန်ထူးခြားတယ်လို့ပြောရမှာပါ။
၁၉၈၀ပြည့်လွန်နှစ်တွေမှာ လီဗာပူးအသင်းကိုနည်းပြခဲ့တဲ့ ကင်နီဒယ်လ်ဂလစ်ရှ်နောက်ပိုင်း ပထမဆုံး မန်နေဂျာတာဝန်ယူပြီးနောက် ပထမဆုံးပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့နည်းပြတစ်ဦးအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
အာဆင်နယ်ရဲ့လိဂ်ချန်ပီယံ ၁၄ကြိမ်မှာ အဓိကအခန်းကဏ္ဍကပါဝင်ခဲ့တဲ့ ဘာတီမီ၊ တော့မ်ဝှစ်တိတ်ကာ၊ ဂျော့ဂ် အယ်လီဆင်နဲ့ဂျိုးရှောတို့လို ဂန္ထဝင်နည်းပြကြီးတွေရဲ့ခြေလှမ်းအတိုင်း အာတီတာကလည်း အာဆင်နယ်သမိုင်းမှာထာဝရဂုဏ်ယူဖွယ်နည်းပြတစ်ဦးဖြစ်လာဖို့ရှိပါတယ်။
အသက် ၄၄ နှစ်နဲ့၅၄ရက်သာရှိသေးတဲ့ စပိန်လူမျိုးနည်းပြအာတီတာဟာ အာဆင်နယ်အသင်းကို လိဂ်ချန်ပီယံဆုရယူပေးနိုင်တဲ့ အသက်အငယ်ဆုံးနည်းပြဖြစ်လာခဲ့ပါတယ်။ အာတီတာထက်ပိုမိုငယ်တဲ့အသက်အရွယ်နဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကိုဆွတ်ခူးနိုင်ခဲ့သူကတော့ ဟိုဆေးမော်ရင်ဟိုတစ်ဦးသာရှိပါသေးတယ်။
မီခယ်လ် အာတီတာဟာပရီးမီးယားလိဂ်မှာ ကစားသမားအဖြစ်ပါဝင်ခဲ့ပြီးနောက် နည်းပြအဖြစ်ချန်ပီယံဆုကိုဆွတ်ခူးနိုင်တဲ့ ဒုတိယမြောက်ပုဂ္ဂိုလ်ဖြစ်လာပါတယ်။ ပထမဆုံးအဖြစ် ၂၀၀၁ ခုနှစ်မှာ လက်စတာစီးတီးမှာကစားခဲ့ပြီး ၁၁ နှစ်အကြာမှာ မန်ချက်စတာစီးတီးကိုချန်ပီယံဖြစ်စေခဲ့တဲ့ ရောဘတ်တို မန်ချီနီကလည်းစံချိန်တင်ခဲ့ဖူးပါတယ်။ဒါ့အပြင် အာတီတာဟာ သူ့ရဲ့ ဆရာပက်ဂွာဒီယိုလာပြီးရင် ပရီးမီးယားလိဂ်ချန်ပီယံဆုရယူနိုင်ခဲ့တဲ့ ဒုတိယမြောက်စပိန်လူမျိုးနည်းပြလည်းဖြစ်ပါတယ်။
အခုရာသီမှာ အာတီတာကအသင်းကို ပရီးမီးယားလိဂ်မှာ ၂၅ပွဲအထိအနိုင်ရရှိစေခဲ့ပြီး ချန်ပီယံဆုကိုပြန်လည်ဆွတ်ခူးနိုင်ခဲ့တဲ့အပြင်၊ ဥရောပအကောင်းဆုံးကလပ်အသင်းဖြစ်ဖို့အတွက် ပဲရစ်စိန့်ဂျာမိန်းအသင်းနဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်အောင်လည်း ခေါ်ဆောင်သွားနိုင်ခဲ့ပါတယ်။ဒီအောင်မြင်မှုတွေက အာတီတာကိုအာဆင်နယ်ရဲ့သမိုင်းဝင်နည်းပြကြီးတွေထဲကတစ်ဦးအဖြစ် အခိုင်အမာသတ်မှတ်နိုင်စေခဲ့ပါတယ်။

လက်ရှိမှာ အာတီတာကအာဆင်နယ်နည်းပြအဖြစ် ပွဲစဉ်ပေါင်း ၃၅၁ပွဲကိုတာဝန်ယူခဲ့ပြီး အနိုင်ရရှိမှုရာခိုင်နှုန်းမှာ ၆၀ ရာခိုင်နှုန်းကျော်အထိရှိနေပြီဖြစ်ပါတယ်။ အဲ့ဒီအချက်က အာဆင်နယ်ဂန္ထဝင်နည်းပြကြီးတွေဖြစ်ကြတဲ့ ဝန်ဂါ၊ ဂရေဟမ်နဲ့ချပ်မန်းတို့ရဲ့မှတ်တမ်းတွေကိုတောင်ကျော်ဖြတ်နိုင်ခဲ့တဲ့ အထင်ကြီးဖွယ်ရလဒ်တစ်ခုဖြစ်ပါတယ်။
အာဆင်နယ်အသင်း နှစ်ပေါင်း၂၂နှစ်ကြာစောင့်မျှော်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကိုပြန်လည်ရယူပေးနိုင်ခဲ့ပြီးနောက် မီခယ်လ် အာတီတာဟာ အသင်းရဲ့ ၁၃၉ နှစ်တာသမိုင်းကြောင်းတလျှောက် ဘယ်အာဆင်နယ်နည်းပြမှ မလုပ်ဆောင်နိုင်သေးတဲ့ အောင်မြင်မှုတစ်ခုကို ရယူပေးနိုင်ဖို့အတွက်လည်း လက်တကမ်းအလိုမှာရောက်နေပါပြီ။
အဲ့ဒါကတော့ ဥရောပချန်ပီယံလိဂ်ဗိုလ်လုပွဲမှာအနိုင်ကစားပြီး အာဆင်နယ်အသင်းကို ဥရောပချန်ပီယံလိဂ်ချန်ပီယံဖြစ်စေဖို့ဖြစ်ပါတယ်။ မေလ ၃၀ရက်နေ့မှာကစားရမယ့် ဥရောပချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီအသင်းကို အနိုင်ရပြီးချန်ပီယံဖြစ်ခဲ့ရင် အာတီတာဟာ ဘောလုံးတစ်ရာသီထဲမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ဥရောပချန်ပီယံလိဂ် ချန်ပီယံဆုရယူပေးနိုင်တဲ့ ပထမဆုံး အာဆင်နယ်နည်းပြဖြစ်လာမှာ သေချာပါတယ်။




Comments