ကနီမြို့နယ်၊ညောင်ပင်လယ်ရွာ စာသင်ကျောင်းဗုံးကြဲခံရပြီး အနည်းဆုံး ၁၁ ဦးသေဆုံး

အီးကေ/BVJ_နိုဝင်ဘာ ၇၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ညောင်ပင်လယ်ရွာကစာသင်ကျောင်းကို နိုဝင်ဘာ ၇ ရက် ဒီကနေ့ မနက် ၁၁ နာရီကျော်မှာ စစ်အုပ်စုက ဂျိုင်ရိုကော်ပတာတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆရာမနဲ့ကလေးတွေ အပါအဝင် ၁၁ ဦးသေဆုံးသွားခဲ့တယ်လို့ သတင်းရရှိပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ညောင်ပင်လယ်ရွာကစာသင်ကျောင်းအပြင် ရွာထဲကလူနေအိမ်တွေကိုပါ ဆက်တိုက်ဗုံးကြဲခဲ့တာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနဲ့အိမ် ၅ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူအများအပြားရှိနေပြီး အချို့ဆိုရင် စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။

ဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၇ ဦးကတော့နေရာမှာတင်ပွဲချင်းပြီး သေဆုံးသွားခဲ့တာလို့ Upper Burma News Agency (UBNA) က ဓာတ်ပုံတွေနဲ့တကွ သတင်းဖော်ပြထားပါတယ်။ အာဏာသိမ်းစစ်တပ်ကကြဲလိုက်တဲ့ဗုံးဟာ ညောင်ပင်လယ်ရွာထဲကဈေးဆိုင်နဲ့စာသင်ကျောင်းအနီးကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး သေဆုံးသူတွေထဲမှာ ကလေးငယ်တွေနဲ့အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။
ညောင်ပင်လယ်ရွာဟာ ကနီမြို့နယ်၊ တောင်ပေါက်ကျေးရွာအုပ်စုမှာတည်ရှိပြီး အိမ်ခြေ ၂၀၀ လောက်ရှိတဲ့ ကျေးရွာတရွာဖြစ်ပါတယ်။ဒီနေ့ ဗုံးကြဲခံလိုက်ရတဲ့ စာသင်ကျောင်းဟာ NUG အစိုးရရဲ့ အုပ်ချုပ်မှုအောက်ကနေလည်ပတ်နေတဲ့ ကျောင်းတစ်ကျောင်းဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်တုန်းကလည်း NUG အစိုးရ အစီအစဉ်နဲ့လည်ပတ်နေတဲ့ ကနီမြို့နယ်ထဲက ဝင်းမနားတိုက်နယ်ဆေးရုံကို စစ်တပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံဝန်ထမ်းတစ်ဦးနဲ့ လူနာ ၇ ဦးသေဆုံးခဲ့ရပါသေးတယ်။
ဒါ့အပြင် မြန်မာပြည်အနှံ့ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်အုပ်စုဟာ စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်ထဲက စစ်ဘေးရှောင်စခန်းကိုလည်း လေကြောင်းကနေဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ဝက် အကောင် ၅၀ ကျော်သေဆုံးခဲ့တယ်လို့သိရပါတယ်။




Comments