top of page

“သမိုင်းမှတ်တမ်းထိုးဖို့ကြိုးစားနေတဲ့ မက်ဆီအတွက် ဒီကမ္ဘာ့ဖလားက နောက်ဆုံးကမ္ဘာ့ဖလားဖြစ်လာမှာလား”

  • Writer: BVJ
    BVJ
  • Jul 20
  • 1 min read

အီးကေ/BVJ

အာဂျင်တီးနားအသင်းအတွက် ဒီဗိုလ်လုပွဲဟာ သမိုင်းမှာနာမည်ကျန်ရစ်ဖို့ ခြေတစ်လှမ်းပဲလိုတော့တဲ့အခွင့်အရေးကြီးဖြစ်နေပါတယ်။


နည်းပြ လီယွန်နယ်စကာလိုနီရဲ့ အာဂျင်တီးနားအသင်းဟာ ၁၉၃၄၊ ၁၉၃၈ ခုနှစ်က အီတလီနဲ့ ၁၉၅၈၊ ၁၉၆၂ ခုနှစ်က ဘရာဇီးလ်တို့ပြီးရင် ကမ္ဘာ့ဖလားကိုနှစ်ကြိမ်ဆက်တိုက်ဆွတ်ခူးနိုင်တဲ့ တတိယမြောက်အသင်းဖြစ်လာဖို့ကြိုးစားနေတာပါ။ ဥရောပချန်ပီယံ စပိန်ကိုကျော်ဖြတ်ပြီး ချန်ပီယံဖြစ်ဖို့ဆိုရင်တော့ သူတို့ရဲ့ အဓိကကြယ်ပွင့် မက်ဆီရဲ့ အကောင်းဆုံးခြေစွမ်းကိုပဲအားကိုးရမှာပါ။


"မက်ဆီက အကောင်းဆုံး ကစားသမားလား" ဆိုတဲ့မေးခွန်းကတော့ ဘယ် လောက်ကြာကြာဆွေးနွေးလည်း အဖြေမထွက်နိုင်တဲ့အရာပါ။ ဒါပေမဲ့ သူဟာ ဘောလုံးလောကမှာ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဆိုတာကိုတော့ ဘယ်သူမှငြင်းလို့မရပါဘူး။ ဒီတစ်ပတ် တနင်္ဂနွေနေ့မှာ အနိုင်ရလိုက်ရင် မက်ဆီဟာ ကမ္ဘာ့ဖလားကိုနှစ်ကြိမ်တိုင်တိုင်ကိုင်မြှောက်နိုင်တဲ့ ပထမဆုံး အသင်းခေါင်းဆောင် ဖြစ်လာပါလိမ့်မယ်။


ပထမဆုံး ကမ္ဘာ့ဖလား (၄)ကြိမ်တုန်းကတော့ မက်ဆီရဲ့ခြေစွမ်းဟာအားရစရာ သိပ်မရှိခဲ့ပါဘူး။ ဒါပေမဲ့ ၂၀၂၂ မှာတော့ အာဂျင်တီးနားကိုချန်ပီယံဖြစ်အောင် ကူညီပေးခဲ့ပြီး အခု ၂၀၂၆ မှာလည်း ဂိုးသွင်းအများဆုံးသူ အမ်ဘာပေရဲ့ နောက်မှာ နှစ်ဂိုးအလိုနဲ့နောက်ကကပ်လိုက်နေပါတယ်။ အံ့သြဖို့ကောင်းတာက မက်ဆီဟာ ၂၀၁၆မှာနိုင်ငံအသင်းကနေအနားယူခဲ့ဖူးပေမဲ့ အခုတော့ ကမ္ဘာ့ဖလား (၃၄) ပွဲမြောက်အထိကစားဖို့ရှိနေတာပါပဲ။ ဒါပေမဲ့ ဒါဟာသူ့ရဲ့ကမ္ဘာ့ဖလား နောက်ဆုံးပွဲစဉ် ဖြစ်သွားမလား။ ၂၀၃၀ကမ္ဘာ့ဖလားအထိ သူဆက်ကစားဦးမလားဆိုတဲ့ မေးခွန်းတွေရှိလာပါတယ်။


အသက် ၄၃ နှစ်အရွယ်ရောက်တဲ့ အချိန် ၂၀၃၀ ကမ္ဘာ့ဖလားမှာ မက်ဆီပါဝင်လာနိုင်မလား ဆိုတာကလည်းစိတ်ဝင်စားစရာပါ။ အဲဒီအချိန်ကျရင် သူဟာ ကမ္ဘာ့ဖလားသမိုင်းမှာ အသက်အကြီးဆုံးကစားသမားဖြစ်လာမှာပါ။ နောက်ပြီး ၂၀၃၀ ကမ္ဘာ့ဖလားကို အာဂျင်တီးနားမှာလည်း ပွဲစဉ်အချို့ ကစားဖို့ရှိနေတာကြောင့် သူ့အတွက်တော့ အိမ်ကွင်းပရိသတ်ရှေ့မှာကစားဖို့စိတ်ကူးရှိကောင်း ရှိနိုင်ပါတယ်။


ဘောလုံးကျွမ်းကျင်သူ Guillem Balague ဂီယမ် ဘာလာဂေးကတော့ မက်ဆီရဲ့ ခရီးကဒီမှာတင်ရပ်သွားမှာမဟုတ်ဘူးလို့ယုံကြည်နေပါတယ်။ "လူတွေကတော့ ဒါနောက်ဆုံးပဲလို့ပြောကြပေမယ့် ကျွန်တော်ကတော့သံသယဖြစ်မိတယ်။ မက်ဆီက သူ့နိုင်ငံအသင်းနဲ့ကစားရတာကိုအရမ်းပျော်နေတာ။ သူ့ကို အင်တာမိုင်ယာမီမှာပဲကစားပြီး ဘောလုံးလောကကနေ အနားယူသွားမယ့်သူလို့ ကျွန်တော် မမြင်ဘူး"လို့ သူကဆိုပါတယ်။

နည်းပြ စကာလိုနီကတော့ မက်ဆီအကြောင်းပြောရတာကိုဂုဏ်ယူနေပါတယ်။ "သူက သမိုင်းပဲ၊ သူက ဒဏ္ဍာရီပဲ။ အသက် ၃၉ နှစ်မှာ ဗိုလ်လုပွဲကိုရောက်လာတာမယုံနိုင်စရာပဲ။ မာရာဒိုနာကို ကျွန်တော်တို့လွမ်းဆွတ်နေရပေမဲ့ မက်ဆီကတော့ ကျွန်တော်တို့နဲ့အတူရှိနေတုန်းပဲ၊ ဒါကြောင့်သူ့ကိုတန်ဖိုးထားပြီး ခံစားကြည့်ရှုသင့်တယ်။ သူ အနားယူမလားဆိုတာကတော့ သူ့ကိုပဲမေးကြည့်ရမှာပါ၊ ကျွန်တော်တို့ မဆွေးနွေးရသေးပါဘူး"လို့ပြောပါတယ်။


မက်ဆီဟာ အသက် ၃၅ နှစ်ကျော်မှ ကမ္ဘာ့ဖလားမှာပိုပြီးတောက်ပလာတာကလည်းတကယ့်ကိုအံ့သြစရာပါ။ သူ့ရဲ့ ကမ္ဘာ့ဖလားဂိုး (၂၁) ဂိုးထဲမှာ (၁၅) ဂိုးက ၃၅ နှစ်ကျော်မှသွင်းထားတာပါ။ "သူ့ရဲ့ ကစားပုံတွေကို ကြည့်ရင် သူပြောစရာတွေ အများကြီးကျန်သေးတယ်လို့ ခံစားရတယ်။ သူက ၁၂၀ မိနစ်ပွဲစဉ်တွေကိုတောင် ၃၉ နှစ်နဲ့ ကစားနေတာ။ သူ့ဆီမှာဘောလုံးအပေါ်ထားတဲ့ စိတ်အားထက်သန်မှုတွေက အခုထိရှိနေသေးတာပါပဲ" လို့ ဘာလာဂေးက ထပ်လောင်းပြောပါတယ်။


တကယ်တော့ မက်ဆီဟာ ၂၀၂၂ တုန်းကလည်း သူ့ရဲ့ နိုင်ငံလက်ရွေးစင် ကစားသမားဘဝကိုအဆုံးသတ်မယ်လို့ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုအချိန်ထိ သူ ဆက်ကစားနေတုန်းပါပဲ။ ဒါကြောင့် တနင်္ဂနွေနေ့ပွဲပြီးရင် သူဘာပဲပြောပြော ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအထိဆက်ပြီးစောင့်ကြည့်ကြဖို့ပဲရှိပါတယ်။

ခရက်ဒစ်-ဘီဘီစီ

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page