မယ်စဲ့မြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ထိအောက်ပိုင်းသေခဲ့တဲ့ KPLAရဲဘော်ကျဆုံး
- BVJ

- Jul 31
- 1 min read
BVJ/ ဇော် - ဇူလိုင် ၃၁၊ ၂၀၂၅

ကရင်နီပြည်၊ မယ်စဲ့မြို့သိမ်းတိုက်ပွဲအတွင်းမှာ လက်နက်ငယ်ထိမှန်ဒဏ်ရာရရှိပြီး အောက်ပိုင်းသေခဲ့တဲ့ ရဲဘော်ကျဆုံးသွားပြီလို့ ကရင်နီပြည်၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ အမှတ် (၉၄၂၀) တပ်ရင်းကနေ ဒီနေ့ ဇူလိုင်လ ၃၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၃၊ ဇွန် ၂၃ရက်က မြို့သိမ်းတိုက်ပွဲအတွင်း ခါးနောက်ကျောကို လက်နက်ငယ်ထိမှန်ဒဏ်ရာရပြီး ၂နှစ်ကျော်ခန္ဓာကိုယ်အောက်ပိုင်းသေနေရာကနေ ရဲဘော်ပတ်ထရစ်ဟာ အခုလ ဇူလိုင် ၂၉ ရက် ည ကိုးနာရီမှာကျဆုံးခဲ့တာဖြစ်ပြီးတော့ ကျဆုံးချိန်မှာ အသက် ၂၀ နှစ်သာရှိသေးတယ်လို့ သိရပါတယ်။

“ထိတာကတော့ မယ်စဲ့တိုက်ပွဲ ရဲစခန်းသိမ်းတဲ့အချိန်မှာထိတာပါ။ ခါးနောက်ကျောက အရေးကြီးတဲ့ အကြောကိုထိသွားတာ။ အသက်တော့မသေခဲ့ပေမယ့် ရင်ဘတ်အောက်ပိုင်းကစပြီး ဘာမှ မခံစားရတော့ပါဘူး။ အောက်ပိုင်းသေသွားခဲ့တာပါ။ အခုကျဆုံးတာကတော့ ထိထားတဲ့ဒဏ်ရာက အခြေအနေဆိုးဆိုးလာပြီး ဆုံးပါးသွားတာပါ”လို့ KPLA တပ်ရင်း (၉၄၂၀) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက Burma VJ ကို ပြောပါတယ်။
ရဲဘော်ပတ်ထရစ်ရဲ့ ဈာပနအခမ်းအနားကို ဒီနေ့ ဇူလိုင်လ ၃၁ ရက်နေ့မှာ ပြုလုပ်ခဲ့ပြီးတော့ တော်လှန်ရေးတာဝန်တွေထမ်းဆောင်ရင်းကျဆုံးခဲ့တဲ့အတွက် ကြေကွဲဝမ်းနည်းကြောင်းနဲ့ အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုကြောင်းလည်း KPLA - B 9420 က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။







Comments