ခန္ဓာကိုယ်ခုခံအားစနစ်လေ့လာတဲ့ သုတေသီတွေကို ဆေးပညာဆိုင်ရာနိုဘယ်ဆုချီးမြှင့်
- BVJ

- Oct 7
- 1 min read
အေတီ/BVJ_ အောက်တိုဘာ ၆၊ ၂၀၂၅

ဒီနှစ်အတွက် ဆေးပညာဆိုင်ရာနိုဘယ်ဆုကို လူသားတွေရဲ့ကိုယ်ခံအားစနစ်လုပ်ဆောင်မှုနဲ့ပတ်သက်ပြီး သုတေသနလုပ်ခဲ့တဲ့ သုတေသီ Mary E Brunkow ၊ Fred Ramsdell နဲ့ Shimon Sakaguchi တို့ကို ချီးမြှင့်လိုက်ပါတယ်။
ဆုရ နာမည်စာရင်းကို ဆွီဒင်နိုင်ငံ Karolinska အင်စတီကျုက ဒီနေ့ထုတ်ပြန်ပေးခဲ့ပါတယ်။သူတို့သုံးဦးရဲ့ရှာဖွေတွေ့ရှိမှုဟာ သုတေသနနယ်ပယ်သစ်အတွက် အုတ်မြစ်ချပေးနိုင်ခဲ့ပြီး ၊ကင်ဆာနဲ့ autoimmune ရောဂါတွေနဲ့ပတ်သက်တဲ့ ကုသမှုအသစ်တွေထွက်ပေါ်လာဖို့ အားပေးရာရောက်တယ်လို့ နိုဘယ်ဆုကော်မတီက ပြောပါတယ်။
ဆုကြေး အမေရိကန်ဒေါ်လာ ၁.၁၇သန်း ထည့်သွင်းချီးမြှင့်မှာဖြစ်ပြီး၊ဆုကြေးငွေကို အမေရိကားက အသက်၆၄နှစ် ဘရန်ခိုးနဲ့ ရမ်းစ်ဒယ်လ်၊ဂျပန်က ဆာာကဂူချီ အသက်၇၄နှစ် တို့ ခွဲယူရမှာ ဖြစ်ပါတယ်။ ဆွီဒင်ဘုရင်ကလည်းဆုရတဲ့သူတွေကို လာမယ့်ဒီဇင်ဘာလဆုပေးပွဲမှာ ရွှေတံဆိပ်ဆုချီးမြှင့်ပေးဖို့ရှိပါတယ်။
ဆေးပညာနိုဘယ်ဆုကို သိပ္ပံ၊ စာပေ၊ ငြိမ်းချမ်းရေးနဲ့စီးပွားရေးဆုတွေနဲ့အတူ နှစ်စဉ်ချီးမြှင့်နေပါတယ်။ကျန်တဲ့အခြားနယ်ပယ်က ဆုရတဲ့သူစာရင်းတွေကိုတော့ လာမယ့်ရက်ပိုင်းအတွင်း ဆက်တိုက်ထုတ်ပြန်သွားဖို့ရှိပါတယ်။
ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝကမ္မဗေဒ သို့မဟုတ် ဆေးပညာ၊ စာပေနှင့် စီးပွားရေးသိပ္ပံဆိုင်ရာနိုဘယ်ဆုတွေကို ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ ဖျော်ဖြေပွဲခန်းမမှာချီးမြှင့်မှာဖြစ်ပြီး၊ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကိုတော့ နော်ဝေနိုင်ငံ အော်စလိုမြို့တော်ခန်းမမှာ ချီးမြှင့်မှာဖြစ်ပါတယ်။ ဆုချီးမြှင့်တဲ့အခမ်းအနားကို Alfred Nobel ကွယ်လွန်တဲ့ ဒီဇင်ဘာလ (၁၀)ရက်နေ့မှာ နှစ်စဥ်ကျင်းပခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ သူရာထူးစယူတဲ့အချိန်ကစပြီး အခုအချိန်ထိ စစ်ပွဲ ၇ပွဲရပ်တန့်အောင်လုပ်ဆောင်ခဲ့တဲ့အတွက် သူ့ကိုနိုဘယ်ငြိမ်းချမ်းရေးဆုပေးသင့်ကြောင်း အကြိမ်ကြိမ်တောင်းဆိုနေပါတယ်။ ဒါပေမယ့် နာမည်စာရင်းတင်သွင်းရမယ့်ရက်က ဇန်နဝါရီလထဲမှာအပြီးလုပ်ရမှာဖြစ်တဲ့အတွက် ဒီနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုရမယ့်လူစာရင်းထဲမှာ ဒေါ်နယ်ထရမ့်မပါဖို့များပါတယ်။
Ref: AL JAZEERA







Comments