စစ်ရုံးချုပ်အောက်က အထူးလှုပ်ရှားတပ်မအဖြစ် တာဝန်ထမ်းဆောင်နေတယ်လို့ တပ်မွေးနေ့မှာ မန္တလေး-PDFအသိပေး
- BVJ

- Feb 25
- 1 min read
မိုနာ/BVJ_ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆

မန္တလေးPDF(MDY-PDF)အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ-NUGကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်ရဲ့ကွပ်ကဲမှုအောက်ကနေ “အထူးလှုပ်ရှားတပ်မ”အဖြစ် တော်လှန်ရေးတာဝန်တွေဆက်လက်ထမ်းဆောင်နေတယ်လို့ ဒီနေ့ ဖေဖော်ဝါရီ ၂၅ရက်မှာ အသိပေးလာပါတယ်။
MDY-PDF(အထူးလှုပ်ရှားတပ်) တပ်မကွပ်ကဲရေးမှူး ရဲဘော်ကိုနေက“ဒီငါးနှစ်တာကာလအတွင်းမှာ ဘယ်လောက်ပဲပင်ပန်းပင်ပန်း တော်လှန်ရေးကနေမရပ်နားဖို့နဲ့ တော်လှန်ရေးကိုသစ္စာမဖောက်ဖို့ တော်လှန်ရေးကိုဆက်ပြီးယုံယုံကြည်ကြည်ဆက်လှမ်းသွားဖို့အတွက် ကျနော့်အနေနဲ့ တိုက်တွန်းပြောကြားလိုပါတယ်။ အဲ့ဒါအပြင် တော်လှန်ရေးငါးနှစ်တာကာလအတွင်းမှာ ပြည်သူလူထုအနေနဲ့အပြည့်အဝပါဝင်ပေးခဲ့ပြီး တော်လှန်ရေးကိုယုံယုံကြည်ကြည်နဲ့ဆက်လျှောက်လာပေးတဲ့အတွက်လည်း ကျနော်တို့အနေနဲ့ပြည်သူလူထုကိုကျေးဇူးတင်စကားပြောကြားလိုပါတယ်”လို့ ဒီနေ့ကျရောက်တဲ့ တပ်မွေးနေ့မှာပြောခဲ့ပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီးတဲ့ ၂၀၂၁ခုနှစ်မှာ မန္တလေးမြို့ပေါ်ကလူငယ်တွေစုစည်းကာ ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLAဆီမှာ စစ်ပညာသင်ယူခဲ့ကြပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF)အဖြစ် ဖွဲ့စည်းပြီး စစ်အာဏာရှင်ကိုတွန်းလှန်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။
MDY-PDFအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မိတ်ဖက်မဟာမိတ်တပ်ဖွဲ့တွေရဲ့ ဝါဆိုစစ်ဆင်ရေး၊ သပြေညိုစစ်ဆင်ရေး၊ ၁၀၂၇ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတို့မှာ ပူးတွဲစစ်ဆင်ရေးတွေဖြစ်ပူးပေါင်းပါဝင်ခဲ့ပြီး ၁၀၂၇ဒုတိယလှိုင်းမှာတော့ မန္တလေးတိုင်းအတွင်းက မတ္တရာမြို့နယ်၊ စဉ့်ကူးနဲ့သပိတ်ကျင်းမြို့နယ်တွေကို စိုးမိုးထိန်းချုပ်နိုင်ခဲ့ပါတယ်။
အဲ့ဒီအောင်ပွဲတွေအတွင်း MDY-PDFက ရဲဘော်တွေများစွာကျဆုံးခဲ့ရသလို ကိုယ်လက်အင်္ဂါပေးဆပ်လိုက်ရတဲ့ ရဲဘော်တွေလည်းရှိခဲ့တာကြောင့် ကျဆုံးခဲ့ရတဲ့ရဲဘော်တွေနဲ့ကိုယ်လက်အင်္ဂါဆုံးရှုံးလိုက်ရတဲ့ရဲဘော်အတွက် အလုပ်တွေနှစ်ဆလုပ်သွားမယ်လို့လည်း MDY-PDFက ဒီနေ့မှာပြောထားပါတယ်။


MDY-PDF(အထူးလှုပ်ရှားတပ်) စစ်ရေးအရာရှိ ရဲဘော်ဂစ်ဘွန်းက “ကျမတို့ရဲ့ငါးနှစ်တာတပ်မဟာဆိုရင် ပြည်သူလူထုရဲ့လက်ခုပ်သံကြားမှာပျော်မွေ့ခဲ့ရဖူးပါတယ်။ ပြည်သူလူထုရဲ့ဝေဖန်တိုက်ခိုက်သံအမျိုးမျိုးကိုလည်း ကျမတို့သင်ယူကြီးမြောက်ခဲ့ရတဲ့တပ်မတခုဖြစ်ပါတယ်။ ဒီလိုဖြတ်သန်းလာတဲ့အတွင်းမှာ ကောင်းမွေဆိုးမွေအကုန်ရရှိခဲ့သလို ကျမတို့လုံးဝမေ့ထားလို့မရတာက ကျမတို့ရဲ့ရှေ့တန်းစစ်မြေပြင်ကရဲဘော်တွေကအဓိကပါ။ ဒီအချိန်ကာလအထိကျမတို့တပ်မတွေနဲ့အတူ တော်လှန်ရေးကာလနဲ့အတူဆက်လက်တည်ရှိနေတဲ့ ပြည်သူလူထုကလည်းကျမတို့အတွက် အားအင်တရပ်ပါ။ ပြည်သူလူထုရှိနေသေးသရွေ့ ကျမတို့တော်လှန်ရေးဆက်ရှိနေပါမယ်”လို့ ပြောပါတယ်။
လက်ရှိမှာ ”အထူးလှုပ်ရှားတပ်မ”အဖြစ် တော်လှန်ရေးတာဝန်တွေကို ဆက်လက်ထမ်းဆောင်နေပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ ဦးလည်မသုန်တိုက်ပွဲဝင်သွားမယ်လို့လည်း ဒီနေ့တပ်ငါးနှစ်ပြည့်မွေးနေ့မှာ MDY-PDFက ကတိသစ္စာပြုထားပါတယ်။




Comments