တပ်ပိုင်ပစ္စည်းတရားမဝင်ထုတ်ယူမှုနဲ့ မန္တလေးPDFထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးကို တပ်တွင်းဖမ်းဆီးထား
- BVJ

- 5d
- 1 min read
မိုနာ/BVJ_နိုဝင်ဘာ ၂၁၊ ၂၀၂၅

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးရဲ့ ဗဟိုဦးဆောင်ကော်မတီဝင် နှစ်ယောက်ဖြစ်တဲ့ ကိုမုန်တိုင်း (စစ်ရေးဌာနကြီးမှူး)နဲ့ ကိုနိုင်ကြီး (ဘဏ္ဍာရှာဖွေရေးဌာနကြီးမှူး)တို့ဟာ ကာလတန်ဖိုးကြီးမားတဲ့ တပ်ပိုင်ဘဏ္ဍာပစ္စည်းအချို့ကို တပ်စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ထုံးလုပ်နည်းတွေကို ချိုးဖောက်ပြီး တရားမဝင်ထုတ်ယူသွားခဲ့တာကြောင့် ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ မန္တလေးPDFက အခုနေ့လယ်မှာအသိပေးထုတ်ပြန်လာပါတယ်။
ကိုမုန်တိုင်းနဲ့ကိုနိုင်ကြီးတို့ဟာ အဲ့ဒီဘဏ္ဍာပစ္စည်းတွေကိုပြန်လည်အပ်နှံဖို့နဲ့ ပြစ်မှုအတွက် ပြစ်ဒဏ်ခံယူရမယ်လို့ ပြီးခဲ့တဲ့ သြဂုတ်လကပြုလုပ်တဲ့ ဗဟိုဦးဆောင်ကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပြီး စက်တင်ဘာမှာကျင်းပတဲ့ တပ်မှူးတွေခြောက်လပတ်စုံညီအစည်းအဝေးမှာလည်း အဲ့ဒါကိုအတည်ပြုခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့် အဲ့ဒီကာလက တော်လှန်ရေးအခြေအနေအရလည်းကောင်း၊ သူတို့နှစ်ဦးရဲ့မေတ္တာရပ်ခံ တင်ပြချက်အရလည်းကောင်း၊ အခြားထောက်ရှုရမယ့်အခြေအနေတွေအရလည်းကောင်း ပြစ်ဒဏ်တွေကိုလက်တွေ့ ချမှတ်ခြင်းမပြုသေးဘဲ ယာယီဆိုင်းငံ့ခဲ့ပေမယ့် သူတို့နှစ်ဦးဟာ တပ်ရဲ့ ဘဏ္ဍာပစ္စည်းတွေကိုအခုထိ ပြန်လည်အပ်နှံခြင်းမရှိခဲ့ဘဲ ဖြေရှင်းချက်လည်းမပေးခဲ့ဘူးလို့ မန္တလေးPDFက ပြောထားပါတယ်။
ဒါကြောင့် သာမာန်စည်းမျဉ်းချိုးဖောက်မှုအဆင့်ကိုကျော်လွန်ပြီး ကြီးမားတဲ့ပြစ်မှုအမျိုးအစားအဆင့်ကိုရောက်ရှိသွားပြီလို့ ကနဦးကောက်ချက်ချပြီး ကိုမုန်တိုင်းနဲ့ ကိုနိုင်ကြီးတို့နှစ်ဦးကို အခုလ နိုဝင်ဘာ ၁၅ရက်မှာ လက်ရှိတာဝန်တွေအားလုံးကနေရပ်ဆိုင်းကာ လက်နက်ဖြုတ်သိမ်းပြီး အချုပ်နဲ့ထိန်းသိမ်းထားတယ်လို့ မန္တလေးPDFကထုတ်ပြန်ပါတယ်။
“တပ်ဖွဲဝင်နှစ်ဦးသည် တပ်၏ ထိပ်ပိုင်းခေါင်းဆောင်များ ဖြစ်နေသည့်အပြင် ပြစ်မှု၏ သဘောသဘာဝအရ ဤအမှုကို သာမန်တပ်တွင်း စီရင်ဆုံးဖြတ်မှုဖြင့် ဆောင်ရွက်ရန် မသင့်သောကြောင့် အထက်ရုံးဖြစ်သော ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်က အမှုတွဲဖြစ်စဉ်ကို လိုအပ်သလို ဆုံးဖြတ် ဆောင်ရွက်နိုင်ရန် သတင်းပိုတင်ပြထားပြီးလည်း ဖြစ်ပါသည်”လို့မန္တလေးPDFက ဖော်ပြပါတယ်။
မန္တလေးPDFအနေနဲ့ ဒီလိုစည်းကမ်းထိန်းသိမ်းရေးနဲ့အပြစ်ပေးတာတွေကို တပ်တွင်းကိစ္စအဖြစ်သာထားပြီး အများပြည်သူကိုအသိပေးလေ့မရှိပေမယ့် အခုက မလိုလားအပ်တဲ့ သတင်းအချက်အလက်အလွဲအမှားတွေကြားသိရတာကြောင့် အခုလိုထုတ်ပြန်ရတာ ဖြစ်တယ်လို့လည်းပြောပါတယ်။
တော်လှန်ရေးအကျိုးကိုထိခိုက်စေမယ့် သတင်းအချက်တွေမဖန်တီး၊မဖြန့်ဖြူးဖို့ကိုလည်း မန္တလေးPDFက မေတ္တာရပ်ခံထားပါသေးတယ်။တပ်ဖွဲ့အနေနဲ့လည်း တပ်ပုံကျ၊စစ်ပုံကျဖို့ အစွမ်းကုန်ကြိုးပမ်းတည်ဆောက်နေပြီး ရာထူး၊တာဝန်အဆင့်အတန်းမခွဲခြားဘဲ အပြစ်ရှိသူကိုရှိသလိုအရေးယူတာတွေကို အထူးအလေးထားဆောင်ရွက်လေ့ရှိတယ်လို့လည်း ပြောထားပါတယ်။
ကိုမုန်တိုင်းနဲ့ကိုနိုင်ကြီးတို့နှစ်ဦးဟာ မန္တလေးPDFကိုစစ်ရုံးချုပ်အောက်ကိုသွင်းတဲ့အပေါ် လက်မခံနိုင်တာကြောင့် မန္တလေးPDFနဲ့မိုးကုတ်တပ်ဖွဲ့တွေက ဖမ်းဆီးတာဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
အဲ့ဒီနောက် မန္တလေးpdfက အခုလိုအသိပေးထုတ်ပြန်လာတာပါ။







Comments