စစ်မှုထမ်းအင်အားကိုအသုံးချပြီး ဒေသအချို့ကို စစ်ကောင်စီထိုးစစ်ဆင် သိမ်းပိုက်လာနိုင်ဟု စစ်ဘက်ရေးရာလေ့လာရေးအဖွဲ့ ထုတ်ပြန်
- BVJ

- Jul 24
- 1 min read
BVJ/ယူဂရင်း_ ဇူလိုင် ၂၄၊ ၂၀၂၅

စစ်ကောင်စီစုဆောင်းနေတဲ့ စစ်မှုထမ်းတပ်သားတွေက စစ်ကောင်စီရဲ့ခြေလျင်တိုက်ခိုက်ရေးတပ်တွေရဲ့ အင်အားကို နှစ်ဆနီးပါးအထိဖြည့်တင်းပေးနိုင်ခဲ့တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့-MDSIအဖွဲ့က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဟာ လစဉ်စစ်မှုထမ်းတပ်သား ငါးထောင်ဝန်းကျင်ကို စုဆောင်းလေ့ကျင့်ပေးနေပြီး အဲ့ဒီကနေ အင်အားနှစ်ဆနီးပါးအထိဖြည့်တင်းနိုင်ခဲ့တာဖြစ်တယ်လို့ အလင်းဝင်ပူးပေါင်းလာတဲ့ စစ်မှုထမ်းတပ်သားတွေရဲ့ အချက်အလက်ကိုအခြေခံပြီး MDSIက ဖော်ပြပါတယ်။
“အင်အားချိနဲ့ ပြိုလဲစပြုနေခဲ့သည့် စစ်ကောင်စီတပ်သည် စစ်မှုထမ်းအင်အားများကို အသုံးချကာ နေရာဒေသအချို့တွင် အင်အားအလုံးအရင်းဖြင့် တန်ပြန်ထိုးစစ်ဆင်၊ သိမ်းပိုက်နိုင်သည်အထိ ပြင်ဆင်ပြောင်းလဲလာနိုင်သည်ကို တွေ့ရှိနေရသည်” လို့ MDSIက ပြောထားပါတယ်။
အခုနှစ် မေလ (၅)ရက်မှာ စစ်မှုထမ်းအပတ်စဉ်(၁၀)သင်တန်းဆင်းခဲ့ပြီး အဲ့ဒီအပါတ်စဉ် (၁၀)အတွင်းမှာ စစ်ကောင်စီတပ်ဟာ လူငယ် ၅၀၀၀၀ ကျော်ကို စုဆောင်းလေ့ကျင့်ပေးနိုင်ခဲ့ကြောင်းကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA) ဆီအလင်းဝင်လာသူ တပ်သားကိုသိန်း(သိန်းထွန်းအောင်)ရဲ့ ကိုယ်ပိုင်အမှတ် ပစ-၁၅၀၀၁၈ကနေ တွေ့ရတယ်လို့ ထုတ်ပြန်ပါတယ်။
တပ်သားကိုသိန်းထွန်းအောင်ဟာ သုံးဘီးနဲ့ကုန်ပို့ရင်း ပျူစောထီးအဖွဲ့ရဲ့ ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရကာ တတက-၃ (ကျိုင်းတောင်း)သင်တန်းကျောင်း၊ စစ်မှုထမ်းအပတ်စဉ်(၁၀)မှာ တက်ရောက်ခဲ့ရပြီး တောင်ခမ်းတိုက်ပွဲကိုပို့ဆောင်ခံလိုက်ရသူ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ လက်ရှိမှာ အခုလ(၄) ရက်နေ့ထိ စစ်မှုထမ်းအပတ်စဉ်(၁၂)ခုကို လေ့ကျင့်သင်တန်းဆင်းပေးခဲ့ပြီး လာမယ့်ဩဂုတ်လ ပထမပါတ်မှာ စစ်မှုထမ်းအပတ်စဉ်(၁၃) သင်တန်းဆင်းဖို့ ပြင်ဆင်နေပါတယ်။
စစ်ကောင်စီတပ်ဟာ လူငယ်တွေကိုနည်းလမ်းမျိုးစုံနဲ့ ဖမ်းဆီးစုဆောင်းကာ စစ်မှုထမ်းအပတ်စဉ်(၁၅)ထိ ဖွင့်လှစ်နိုင်ခဲ့ပြီး စစ်သင်တန်းကျောင်း (၂၂) ခုမှာလေ့ကျင့်ပေးနေကြောင်းနဲ့ လူငယ်လူရွယ်တွေကို စုဆောင်းရရှိနိုင်ဖို့အတွက် အချိုသတ်စည်းရုံးတဲ့နည်းလမ်းတွေကိုလည်း စနစ်တကျလုပ်ဆောင်လျက်ရှိ တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့-MDSIက ဒီနေ့မနက်မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ လက်လွှတ်ဆုံးရှုံးထားရတဲ့ နယ်မြေဒေသတွေကို လေကြောင်း၊လက်နက်ကြီးအပါအဝင် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အခုလအတွင်းမှာပဲ ရှမ်း-ကရင်နီနယ်စပ်ရှိ မိုးဗြဲမြို့နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကိုပြန်လည်သိမ်းယူနိုင်ခဲ့ပြီးနောက် အခုလက်ရှိမှာ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ကို ပြန်လည်တိုက်ယူနေပါတယ်။







Comments